Pregnancy and First Para သားဦးမွေးမယ်
(ကန်တော့)
၁။ သမီးကလေးမွေးတုန်း ရိုးရိုးမွေးတာပါ။ မွေးတဲ့အချိန်တုန်းက မိန်းမကိုယ်ကိုနဲနဲခွဲရပါတယ်။ ပြန်ချုပ်ထားတဲ့နေရာက အခုထိမပျောက်သေးပဲနာနေလို့ပါ။ ဆေးရုံကိုပြန်သွားရမှာလဲကြောက်လို့ပါ။
၂။ ဆရာရှင့် ခွဲမွေးတဲ့သူနဲ့ ရိုးမွေးတဲ့သူက အရမ်းကွာတယ်ဆိုတာ ဟုတ်ပါသလား။ တချို့တွေက ပြောကြတယ် ခွဲမွေးတဲ့က မိန်းမအင်္ဂါမပျက်စီးဘူး၊ ရိုးရိုးမွေးတဲ့သူတွေက မိန်းမအင်္ဂါပျက်စီးတယ်လို့ပြောပါတယ်၊ အဲဒါဟုတ်ပါသလား။ ၂ ယောက်မွေးရင် ပိုဆိုးတယ်ပြောတယ်။ ဒါပေမဲ့ ဒီမှာတော့ သေရေးရှင်ရေးမှသာ ခွဲမွေးပေးတယ်။ ပိုက်ဆံတက်နိုင်လဲ မမွေးပေးဘူး။ သမီးကိုရှင်းပြပေးပါရှင့်။
၃။ ကျမ အခုကိုယ်ဝန် ၆ လ ကျော်ပါပြီ။ သားဦး ကိုယ်ဝန်ပါ။ အသက် ၃၃ နှစ် ကျော်ပါပြီ။ မွေးပြီးတဲ့သူတွေ တချို့က ပြောတယ် ခွဲမွေးတာ ပိုကောင်းတယ်၊ ရိုးရိုးမွေးတာ ပိုကောင်းတယ်။ ရိုးရိုးမွေးရင် မွေးလမ်းကြောင်းချဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီခါကျရင် မွေးလမ်းကြောင်းကို ပြန်ချုပ်တာ အထဲထိပြန်ချုပ်ပါသလား။ တချို့က ပြောတာ အဝပဲ ပြန်ချုပ်ပြီး ချုပ်ရိုးပြန်ပြေတတ်တယ်လို့ ပြောကြလို့ပါဆရာ။
သားဦးမွေးတဲ့အခါ မွေးလမ်းကြောင်း ချဲ့ရတတ်ပါတယ်။ မိခင်လောင်း အရပ်အမောင်းကောင်း၊ အထဲကကလေး အရွယ်သေး၊ မွေးဖွါးဖြစ်စဉ် ပုံမှန်တိုးတက်၊ မွေးပေးတဲ့ ဆရာဝန်-ဆရာမတွေ စိတ်ရှည်၊ မွေးလမ်းအဝနား ရေနွေးတ်ကပ်၊ အဆီတခုခုနဲ့ ချောဆီသုံး စတာတွေလုပ်ပေးရင် သားဦးပေမဲ့ ချဲ့စရာမလိုဘဲ မွေးနိုင်ပါတယ်။
မွေးတဲ့အခါ မွေးလမ်းကြောင်းချဲ့ရတာ Episiotomy လို့ ခေါ်တယ်။ ပြန်ချုပ်ရင် ၃ ထပ် ချုပ်ပေးပါတယ်။ ပဌမထပ်က မွေးလမ်း-အဖုံးလွှာ၊ ဒုတိယ ကြွက်သားနဲ့ အပြင်ဆုံးက အရေပြား ဖြစ်တယ်။ မွေးလမ်းကို ချဲ့တော့ ထုံဆေး အရင် ထိုးပါတယ်။ တချို့က ထုံဆေးကြောင့် အနာကျက်မှာ နှေးတယ်၊ မွေးလူနာက ညှစ်နေတုံး အချိန်ကိုက် အစိမ်းကိုက်လို့ ပြောတာ မမှန်ပါ။ ပြန်ချုပ်တော့လဲ ထုံဆေးထိုးရတာဘဲ။ မနာပါ။ ချုပ်ပေးနေရင်းနဲ့ အသစ်စက်စက် ကလေးအမေကို ဘယ်မြို့သူလဲမေးတယ်။ ဘယ်မြို့ကပေါ့။ အေး အဲဒီမြို့သားတွေ သိပ်သတ္တိကောင်းတာဘဲ ထုံဆေးနဲ့ဆိုရင် တချက်မှ မအော်ဘူးပြောလိုက်တဲ့အခါ ကလေးငိုသံကြားပြီး ပီတိဖြာနေတဲ့အမေ ပြုံးပါလေရော။
မချဲ့ရင် စုတ်ပြဲတတ်တယ်။ အဲလိုဖြစ်သွားတာမှာ ၃ မျိုး ဖြစ်နိုင်ပါတယ်။ မနေ့ကဘဲ တရက်ထဲမှာ မွေးလူနာ နှစ်ယောက် လာတယ်။ တယောက်က ဒုတိယ-ကိုယ်ဝန်၊ နောက်တယောက်က ကလေး ၃ ယောက်၊ ၂ ခါပျက်၊ ဆဌမကိုယ်ဝန်။ အဆင်မသင့်ခြင်တော့ နှစ်ယောက်လုံး နဲနဲစီ စုတ်လို့ ချုပ်ပေးရသေးတယ်။ နဲနဲဆိုတာ ပဌမအဆင့် စုတ်ပြဲခြင်း ဖြစ်တယ်။ မွေးလမ်း-အဖုံးလွှာနဲ့ အပြင် အရေပြားစုတ်တာခေါ်တယ်။ ဒါတွေအပြင် ကြွက်သားပါ စုတ်ပြဲတာကို ဒုတိယဆင့်ခေါ်တယ်။ အဆိုးဆုံးက စအိုအထိန်းကြွက်သားကိုပါထိတာဖြစ်တယ်။ တမင်ချဲ့ပေးတာဟာ ဒုတိယအဆင့်မျိုးသာဖြစ်ပါတယ်။
ဘယ်လိုအထိ ဖြစ်သွားသွား ပြန်ပြင်ရင် အကောင်းဖြစ်စေပါမယ်။ နာတာကလဲ မထောင်းတာပါ။ ပဋိဇီဝဆေးနဲ့ အနာ သက်သာဆေး ၄-၅ ရက်နဲ့ ကောင်းတာချည်းသာဖြစ်တယ်။ ကိုယ်ဝန်ဆောင်တုံးမှာ မေးခိုင်ကာကွယ်ဆေး တလုံးနဲ့တလုံး ၁ လခြား ၂ ခါ ထိုးထားရင် မေးခိုင်ဖြစ်မှာလဲ စိုးရိမ်စရာမလိုတော့ပါ။ ချုပ်ထားတဲ့နေရာဟာ ကြာလေကောင်းလေဖြစ်လို့ နောက်ဆိုရင် ချုပ်ထားမှန်းတောင်မသိတော့ပါ။
ချဲ့တာဖြစ်ဖြစ် စုတ်လို့ ချုပ်တာဖြစ်ဖြစ် အနေအထိုင်တော့ ဂရုစိုက်ပါ။ ပိပိယိယိ ထိုင်ပါ။ အနာနေရာကို အပူခပ်သင့်သင့် ကပ်ပေးနိုင်တယ်။ ဝမ်းချုပ်တာ မကောင်းသလို ဝမ်းမမာအောင် ရေများများသောက်၊ အသီးအနှံ၊ အသီးအရွက်များများ စားပေးပါ။ ဝမ်းသွား-ဆီးသွားပြီးတိုင်း Dettol စတဲ့ ပိုးသတ်ဆေးရည်ကို ရေနဲ့ရောပြီးဆေးပါ။
ချုပ်ရိုးကို ၅-၆-၇ ရက်မှာ ဖြေပါမယ်။ တချို့ကို ချုပ်ရိုးဖြေစရာမလိုတာနဲ့ ချုပ်တတ်တယ်။ အရေပြားကို နိုင်လွန်၊ ဒါမှမဟုတ် ပိုးကြိုး၊ ဒါမှမဟုတ် ခြည်ကြိုးနဲ့ ချုပ်တယ်။ ပြန်ဖြည်ပေးရတယ်။ ခြည်ကြိုးက အကောင်းဆုံး ထင်တယ်။ နိုင်လွန်က လှတော့ လှတယ်။ လူနာအတွက် စူးရှရင် အနေရခက်မယ်။ ပိုးကြိုးကလဲ လှတာဘဲ။ ဒါပေမဲ့ ချည်ထုံးတဲ့အခါ လျော့ပြေတတ်လို့ သတိကြီးရမယ်။ အထဲနှစ်ထပ်ကို အသားဖြစ်ချုပ်ကြိုး Catgut ကြောင်အူကြိုးနဲ့ ချုပ်တယ်။ အမှန်က ဆိတ်၊ သိုး၊ မြင်းစတဲ့ တိရစ္ဆာန်အူကနေ ထုတ်လုပ်ထားတာပါ။ စောစောပိုင်းမှာ ကြောင်ကနေရတာနေမယ်။ ဂီတတူရိယာ ပစ္စည်းတွေရဲ့ကြိုးကလဲ ဒါကိုသုံးတာပါဘဲ။ လူမျိုးတိုင်းက အယူသီးကြတယ်။ ကြောင်ကိုလာဘ်မကောင်းဘူး ယူဆသူတွေရှိတော့ Cattlegut လို့ ပြောကြတယ်။ ခုခေတ်မှာ Synthetic polymer fibers လူလုပ်ချုပ်ကြိုးတွေ သုံးနေကြပါပြီ။
ကံကောင်းတာက မွေးလမ်းဟာ အဲလိုကာလအတွင်း သွေးလျှောက်တာ သိပ်ကောင်းတော့ အနာကျက်လွယ်တယ်။ အဆင်မပြေလို့ အနာရင်းရင် ပိုနာမယ်။ အရည်တခုခုပါ ထွက်နိုင်တယ်။ ကိုယ်ပူနိုင်တယ်။ စစ်ကြည့်ရင် ချုပ်ရိုးမှာ နီရဲပြီး ဖေါင်နေးမယ်။ အလိုဖြစ်ရင် ဆရာဝန် ပြန်ပြပါ။ လိုအပ်ရင် ဆေးပြောင်းပေးမယ်။ ချုပ်ရိုး တချို့ဖြစ်ဖြစ် အကုန်ဖြစ်ဖြစ် ဖြုတ်ပေးမယ်။ ဆေးထည့်စရာ ပေးမယ်။
အဲလိုဖြစ်လဲ စိတ်မပူပါနဲ့။ အနာကောင်းကောင်းကျက်သွားရင် အေးအေးဆေးဆေး ရက်ရွေးပြီး၊ အနာသစ်လုပ်၊ ပြန်ချုပ်ပေးပါမယ်။ အကောင်းပကိ ဖြစ်ပါတယ်။ လိုသေးရင် မအိုသေးတဲ့သူလို ဖြစ်အောင် ပြင်ပေးလို့ ရပါသေးတယ်။ လူနာကလဲ Pelvic floor exercise တင်ပဆုံတွင်းအင်္ဂါတွေ သန်မာစေတဲ့ လေ့ကျင့်ခန်း လုပ်ပါလေ။ Kegel exercise ရေးထားပါတယ်။
ချုပ်ရိုးရာ ကြည့်ရင် ခွဲပေးတဲ့ဆရာဝန် ဘယ်သန်လား၊ ညာသန်လား (ရှားလော့ဟုမ်း) လုပ်လို့ ရတယ်။ ညာသန် ဆရာက လူနာရဲ့ မွေးလမ်းအဝ ညာဘက် ၄၅ ဒီဂရီ စောင်းစောင်းချဲ့မယ်။ ဘာလို့စောင်းရသလဲ။ အောက်တည့်တည့်က စအိုအဝ ရှိလို့ပါ။ ဒါ့ကြောင့် လိုအပ်တာကို မချဲ့ဘဲမွေးပေးရင် စုတ်ပြဲတဲ့အခါ စအိုဆီကို စုတ်တယ်။ ချဲ့တာနည်းရင်လဲ အဲလိုဘဲ။
မနေ့က လူနာတွေက တမျိုး။ တယောက် တမျိုး။ တယောက်က ပခုံးမွေးတော့ အနေအထား မမှန်လို့ စုတ်တာ။ နောက်တယောက်က ကလေးမွေးခဲ့တာများတော့ သားအိမ်ညှစ်အား ကောင်းဆေး သွင်းရတယ်။ ကလေးထွက်တော့လဲ ညှစ်အား နည်းနေသေးလို့ Forceps delivery ညှပ်ဆွဲပေးရတယ်။ ကလေးကလဲ ထွားတော့ နဲနဲလေးစုတ်သွားတယ်။
မွေးလမ်းချဲ့မွေးပေးတာကို သင်ပေးရတာမှာ စာတွေ့လဲခက်တယ်။ ပုံဆွဲပြလဲ နားမလည်တတ်ဘူး။ ချဲ့ရတာက တစောင်း၊ မွေးပြီးကာစ သွေးတွေလဲ ထွက်နေတော့ လက်တွေ့ပြတာလဲ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ မွေးလမ်း (ဗဂျိုင်းနား) ကို ဖုံးနေတဲ့ အလွှာက ပန်းနုရောင်၊ ကန့်လန့်စဉ်းလေးတွေ ရှိတယ်။ ကြွက်သားက နီရဲပြီး သွေးလဲ ထွက်နေတယ်။ မွေးလမ်းနဲ့ အပြင်အရေပြား ဆက်စပ်နေတဲ့ နေရာလေးက ခပ်ပြာပြာလေးနေတယ်။ ဘယ်ဘက်က အဲလိုနေရာနဲ့ ညာဘက်က နေရာ တိတိတည့်တည့် ကျအောင်ချုပ်ရင် သိပ်လှတဲ့ချုပ်ရိုးရမယ်။ တစောင်းချဲ့တာမို့ တရိဂံလိုဖြစ်သွားတယ်။ ဒါပေမဲ့ ဘယ်နဲ့ညာ မျဉ်း ၂ ကြောင်းက ဒီအတိုင်းကြည့်ရင် အရှည် မတူကြလို့ လက်နုသူတွေက လှအောင်ချုပ်ဘို့ ခက်တတ်တယ်။ ခိုးယူရတယ်ဆိုတာ ဒီနေရာမှာ အကောင်းပြောတာ၊ တိုတဲ့မျဉ်းဘက်ကိုနဲနဲ၊ ရှည်တဲ့ဘက်က များများယူချုပ်ပါမှ အဝ ရောက်ရင် တိတိကျကျရမယ်။
Episiotomy ဆိုတာ ရိုးရိုးမွေးရသူတွေမှာ အထူးသဖြင့် သားဦးမှာ လိုအပ်လို့ မွေးလမ်းချဲ့ပြီးပြန်ချုပ်တာကိုခေါ်တယ်။ ၃ ထပ်ချုပ်တယ်။ ၅-၆-၇ ရက်မှာ ချုပ်ရိုးဖြည်တယ်။ ချုပ်ရိုးအဆင်မပြေဖြစ်တတ်တယ်။ စိုးရိမ်စရာမရှိပါ။
ချုပ်ရိုးဖြည်ပြီးမှ အနာကျန်နေရင် ဆေးထည့်နေရမယ်။ အနာဘေးမှာသာ အရက်ပြန်လိမ်းပါ။ အနာအထဲကို Betadine/Cipladine cream လိမ်းဆေးလိမ်းပါ။ အနာမကြီးရင် ရေချိုးလို့ရတယ်။ Dettol လို ပိုးသန့်ဆေးသုံးနိုင်တယ်။ ရေအိမ်သုံးပြီးတိုင် ဒက်တောရည်အပျော့စားနဲ့ ဆေးပါ။ အလိုလို အသားနုတက်လာပါမယ်။ အနောသေးရင် ဘာမှထပ်လိုပ်စရာမလိုပါ။ တချို့ကိုတော့ ပြန်ချုပ်ပေးရတယ်။ အေးအေးဆေးဆေး ရက်ရွေးပြီး လုပ်နိုင်ပါတယ်။ မွေးပြီးစ ဆင်းတာတွေလည်းရပ်ပါစေ။ ချုပ်ရင်လည်း ချဲ့တုံးကလိုပဲ ထုံဆေးနဲ့ ၃ ထပ်ချုပ်တယ်။ တချို့ကတော့ ဒိထက်ပိုလိုတာလည်းရှိတယ်။ ဗဂျိုင်းနားအတွင်းကိုပါပြင်ပေးနိုင်တယ်။ နဂိုအနေလိုပြ်န်ရချင်ရင်လုပ်ပေးနိုင်တယ်။ ကီဂယ်လေ့ကျင့်ခန်းလည်းလုပ်ပါ။ အနာကျက်တာနှေးသူတွေ ဆီးချိုစစ်ပါ။
Dr. တင့်ဆွေ
၂၉-၉-၂၀၁၈

Comments
Post a Comment