Pregnancy and HPV Vaccination သားအိမ်ဝကင်ဆာ ကာကွယ်ဆေးနဲ့ ကိုယ်ဝန်ဆောင်

 

ဆရာရှင် HPV vaccine နောက်ဆုံးအလုံးထိုးရမှာနဲ့ ကိုယ်ဝန်ရှိလာတာနဲ့တိုက်နေပါတယ်ရှင့်။ ကိုယ်ဝန်နဲ့ ထိုးလို့ရပါသလားရှင့်။ အနည်းငယ်ရှင်းပြပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

HPV vaccines ကာကွယ်ဆေးဟာ Cervical cancer သားအိမ်ဝကင်ဆာနဲ့ တခြား HPV (Human Papillomavirus) ကြွက်နို့ကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ပေးတယ်။ ကင်ဆာမဟုတ်တဲ့ Genital warts လိင်လမ်းကြွက်နို့လဲ ပါတယ်။ နှစ်တိုင်း အမေရိကားမှာ သားအိမ်ဝကင်ဆာ လူနာသစ်ပေါင်း ၁၁၀၀၀ တွေ့ရှိနေတယ်။ ၄၀၀၀ က ဒီရောဂါနဲ့ ကွယ်လွန်ကြရတယ်။ အရွယ်ရှိသူ လူ ၁၀၀ မှာ ၁ ယောက်က လိင်လမ်းကြွက်နို့ တခါမဟုတ်တခါ ပေါက်နေကြတယ်။

FDA က လိုင်စင်ပေးထားတဲ့ ကာကွယ်ဆေး ၂ မျိုးက Cervarix (GlaxoSmithKline) နဲ့ Gardasil (Merck) ဖြစ်ကြတယ်။ ဆေး ၂ မျိုးကဆင်တယ်။ ဗိုင်းရပ်စ်အမျိုးအစား ၁၆ နဲ့ ၁၈ ကို ကာကွယ်တယ်။ စိတ်လဲချရတယ်။ ၃ ခါ ထိုးရတာလဲ အတူတူဘဲ။ Gardasil ဆေးကတော့ HPV အမျိုးအစား ၆ နဲ့ ၁၁ တွေကိုပါ ကာကွယ်တယ်။ ယောက်ျားတွေထိုးဘို့လဲ Gardasil ဘဲဖြစ်တယ်။ သားအိမ်သာမက မိန်းမကိုယ်၊ ဗဂျိုင်းနား နဲ့ စအိုကင်ဆာတွေကိုပါ ကာကွယ်စေနိုင်တယ်။

ကာကွယ်ဆေးတွေကို မိန်းကလေး အသက် ၉ နှစ်ကနေ ၂၆ နှစ်ရှိသူတွေကို ထိုးသင့်တယ်လို့ သတ်မှတ်ထားတယ်။

လိင်ဆက်ဆံတဲ့ အတွေ့အကြုံမရသေးခင် အရွယ်တွေကို ရည်ရွယ်တာ ဖြစ်တယ်။ တကယ်လို့ ဆေးမထိုးခင်ကတည်းက လိင်ဆက်ဆံမှု ရှိခဲ့ပေမဲ့ ရောဂါ မကူးသေးသူဆိုရင် ကာကွယ်ဆေးက အကျိုးများစေမှာ ဖြစ်တယ်။

ပဌမဆေး ထိုးပြီးနောက် ၁-၂ လအကြာမှာ ဒုတိယဆေး၊ ပဌမဆေးနောက် ၆ လ အကြာမှာ တတိယဆေးထိုးမယ်။

၂၆ နှစ်ကျော်သူတွေ ဘာလို့ မထိုးသလဲ။ လုံလောက်တဲ့ စမ်းသပ်မှုတွေအရ ၂၆ နှစ်အောက်လို့ သတ်မှတ်ထားတာ ဖြစ်တယ်။ တကယ်လို့ ဒီအသက်ထက်ကျော်သူတွေကိုထိုးတာလဲ အကျိုးများတယ်လို့ လုံလောက်တဲ့ စမ်းသပ်မှုတွေ ပြည့်စုံရင် ပြုပြင်လာပါလိမ့်မယ်။ 

Gardasil HPV vaccine ဆေးကို ကိုယ်ဝန်ဆောင် ၁၁၁၅ ယောက်ကို ထိုးပေးစစ်ဆေး ကြည့်ခဲ့တယ်။ ဘေးထွက်ဆိုးကျိုး ပိုဆိုးတယ်လို့ ကောက်ချက်ဆွဲလို့မရတာတွေ့ရတယ်။ လူ ၁၀၀၀ ကျော်ကိုစမ်းသပ်တာက နည်းသေးတယ်။ ဒါ့ကြောင့် အခုထိ သားအိမ်ကင်ဆာ ကာကွယ်ဆေးတွေဖြစ်ကြတဲ့ Gardasil နဲ့ Cervarix တွေဟာ ယေဘုယျ စိတ်ချနိုင်ပါမယ်လို့ သတ်မှတ်ပေမဲ့၊ လိုရမယ်ရ ကိုယ်ဝန်ဆောင်ဆိုရင် ထိုးမပေးဘို့ကိုတော့ အများကသဘောတူထားကြတယ်။

အမေရိကားမှာတော့ (FDA) ကနေ Pregnancy Category B အဆင့် သတ်မှတ်ထားတယ်။ ဆေးတိုင်းကို အဲလို သတ်မှတ်ချက်တွေ လုပ်ထားတာ ဖြစ်ပါတယ်။ ဆိုလိုတာက လူကိုယ်ဝန်ဆောင်တွေကို ဆေးစမ်းသပ်ထားတာ မရှိသေးလူး၊ ဒါပေမဲ့ အထဲကကလေးကို ထိခိုက်စေမယ် ဆိုတာကိုလဲ တိရစ္ဆာန်စမ်းသပ်မှုတွေမှာ သက်သေက မလုံလောက်သေးဘူး။ လူနဲ့ တိရစ္ဆာန်တွေ ဆေးတွေကို တုံ့ပြန်ကြတာ နေရာတကာမှာ မတူနိုင်ဘူးလို့ ပညာရှင်တွေ လက်ခံထားကြတယ်။

တခါတလေ ဆရာဝန်ကနေ အပေါင်းလက္ခဏာနဲ့ အနုတ်လက္ခဏာတွေ ချိန်ဆပြီး ဒီကာကွယ်ဆေး ထိုးနိုင်တယ်။

တကယ်လို့ ကိုယ်ဝန်ဆောင်နေရပြီ၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဘို့ အလားအလာရှိတယ်ဆိုရင် ဆရာဝန်ကို ပြောပြဘို့ လိုပါတယ်။ ဆရာဝန်ကနေ ချင့်ချိန်-ဆုံးဖြတ်ပါလိမ့်မယ်။

အခြေအနေတွေ ပြည်စုံတဲ့ တိုင်းပြည်တွေမှာတော့ ကိုယ်ဝန်ဆောင်ချိန် ဒီကာကွယ်ဆေး ထိုးသူတိုင်းကို စနစ်တကျ စောင့်ကြည်ဘို့ အစီအစင်တွေ လုပ်ထားတယ်။ ကာကွယ်ဆေးတကြိမ်ထိုးထားသူ နောက် ၂ ကြိမ် ဆက်မထိုးခိုင်းတာဟာ စိတ်ချရတဲ့ဘက်ကနေ ပြောတာ ဖြစ်တယ်။ ကျန်တဲ့ ဆေးအကြိမ်ကို ကလေးဖွါးပြီးမှ အဆုံးသတ်အောင်ထိုးပါ။ ထိုးလိုက်မိသူ ကိုယ်ဝန်ဖျက်ပါလို့လဲ မညွှန်းပါ။ ကာကွယ်ဆေးထိုးထားသူ နောင်ကလေးရဘို့ ဘာမှ ဆေးကြောင့် မခက်စေနိုင်ပါ။

Dr. တင့်ဆွေ

၂၇-၉-၂၀၁၆

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ