Cassia Flower Bud Salad မယ်ဇလီဖူးသုပ်
ဆရာ မယ်ဇယ်လီဖူးသုပ်က ဓာတ်မတည့်မှုဖြစ်တတ်ပါသလား ဘယ်လိုလူတွေမှာ ဖြစ်လေ့ရှိပါသလဲ။
မဲဇလီ နဲ့ မယ်ဇလီ လို့ ရေးရတယ်။
Senna siamea မဲဇလီဖူးသုပ်၏ အန္တရာယ်များဆိုပြီးတယောက်ပြီးတယောက်က တင်နေကြတယ်။ တယောက်ပြီးတယောက်ကတင်ပြီဆိုရင် သတိသာထားတော့။ လွဲပြီသာမှတ်ပေတော့။
အန္တရာယ်စာလုံးကစ မှားရေးထားတယ်။ ကူးတင်သူတွေကလည်း မသိကြ။ မသိဘဲ ကောင်းနေသူတွေက များတယ်။
မဲဇလီဖူးစာ လူတိုင်းလိုလို စားဖူးကြတဲ့အစားအစာတခု ဖြစ်တယ်။ နှစ်ပေါင်း ရာထောင်ကြာပြီ။
Cassia auriculata မယ်ဇလီ
အဖူး၊ အပွင့်နဲ့ အရွက်တွေကို စားသုံးနိုင်တယ်။
တချို့ဒေသတွေမှာ အကိုင်းနဲ့ အမြစ်ကိုဆေးအဖြစ်သုံးကြတယ်။ အထူးသဖြင့် Ayurvedic medicine အယုဗေဒဆေး။
တိုင်းရင်းဆေးအဖြစ်
diabetes ဆီးချို၊
pink eye မျက်စိအလာဂျီ၊
joint and muscle pain (rheumatism) အဆစ်နာ
constipation ဝမ်းချုပ်ခြင်းတွေအတွက် သုံးတယ်။
ဒါပေမဲ့ ဆေးသုတေသနအရ ခိုင်မာတဲ့အထောက်အထား မတွေ့သေးပါ။
Side Effects ဘေးထွက်သက်ရောက်မှုများ
ခိုင်မာတဲ့အချက်အလက် မရှိပါ။ စိတ်ချစွာ စားသုံးနိုင်တယ်။
အချုပ်
မဲဇလီ (မယ်ဇလီ) ဖူးသုပ်ဟာ ရာသီစာဖြစ်တယ်။ ဘယ်ရာသီစာမဆို သူ့ရာသီမှာ စားသုံးနိုင်တယ်။
ကြိုက်လွန်းလို့လည်း ရက်ရှည်လများ ဘယ်သူမှ မစားကြပါ။ စားပို့နင့်အောင်လည်း မစားလောက်ကြပါ။
ဆေးပညာပေးတွေကို ဖြဲခြောက်သလို မရေးရ။ အားလုံးကောင်းပါသည်ခင်ဗျားလို့လည်း မရေးရပါ။
မယ်ဇလီပင် (မဲဇလီ) (Senna siamea)
ဦးသာမြတ်သတ်ပုံအရ မဲးဇလီပင်တဲ့။ မယ်စလီကုလားတဲ့။ ကဝိဓဇသတ်ပုံကျမ်းအရလည်း မဲးဇလီပင်တဲ့။ မဲစလီလို့ရေးတာ မမှန်။ မယ်စလီလည်း မှားတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) မှာ မဲဇလီ။
ခဝဲပွင့်တုန်း တန်ဆောင်မုန်းလို့စာဆိုရှိတယ်။ ဒီလထဲမှာပဲ ကြာ၊ ပြည်ပန်းညို၊ မယ်ဇလီနဲ့ နှင်းပန်းတွေလဲ ပွင့်ကြတယ်။ လူငယ်တွေက ကျီးမနိုးပွဲနဲ့ ပျော်ကြမယ်။ စေတနာထက်သန်သူတို့က ပံသုကူ (ပံ့သကူ) အလှူလဲလုပ်ကြမယ်။
တန်ဆောင်မုန်းလပြည့်နေ့ဟာ ဆေးပေါင်းခတဲ့လလည်းဖြစ်လို့ ဒီလမှာပွင့်တဲ့ မယ်ဇလီဖူး၊ မယ်ဇလီပွင့်တွေကို သုပ်စားရင် ရောဂါမျိုး (၉၆) ပါးကင်းတယ်လို့ယူဆကြသည်။ ယုံကြည်စိတ်ကနေ ရောဂါဝေဒနာ ပျောက်ကင်းရေးမှာ အထောက်အကူပြုမှာ အမှန်ပါ။ အခုရောက်နေတဲ့အရပ်မှာတော့ မယ်ဇလီ အပင်၊ အပွင့်၊ အဖူး၊ မူးလို့တောင်ရှူစရာမရှိပါ။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment