Online Doctor အွန်လိုင်းကနေဖြေရတဲ့ဆရာဝန်
တင်ထားတဲ့စာ = Do Not Send မပို့ပါရန်
ကွန်မင့်တခု = No 10 ကတော့ ဆရာ့အတွက်လိုအပ်တယ် မဟုတ်လားခင်ဗျာ
ပြန်စာ
မလိုအပ်ပါကြောင်း အခါ ၂၀ လောက် တင်ပြထားပါတယ်။
ဆရာဝန်ဆိုတာ ရောဂါ၊ အနာ၊ အညစ်အကြေး၊ လိင်လမ်းနဲ့ဆိုင်တာ အကုန်လုံးကို ဆေးကျောင်းသားကတည်းက နေ့စဉ်မြင်တွေ့၊ စမ်းသပ်၊ စစ်ဆေး၊ ကုသပေးရပါတယ်။
လိင်အင်္ဂါပုံတွေ မပို့ပါရန်က အကြောင်းခံ အခိုင်အမာရှိတယ်။
ကျန်းမာရေးမေးတာတွေကို အွန်လိုင်းကနေဖြေရတဲ့ဆရာဝန်မှာ -
ဆေးခန်း မရှိပါ။
ရုံးခန်း မရှိပါ။
အသံလုံခန်း မရှိပါ။
တခါတခါ အိမ်မှာ။ တခါတခါ လမ်းမှာ။ တခါတခါ ဘုန်းကြီးကျောင်းမှာ ရောက်နေချိန်တွေမှာလည်း မေးခွန်း ဖွင့်ရတတ်တယ်။
အနီးအနားမှာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ ကလေးတွေ၊ သူစိမ်းတွေ ရှိတယ်။
အသံဖိုင်လည်း မဖွင့်ရဲ၊ ဗီဒီယိုဖိုင်လည်း မဖွင့်ရဲ၊ ပုံတွေပါ တပါတည်းဆိုရင် မေးခွန်းတောင်မှ မဖွင့်ရဲပါ။
မေးခွန်းကို တိုတိုရှင်းရှင်းရေးတာမှန်ရင် မေးခွန်းဖတ်နေရင်း တဆင့်ပြီးတဆင့် ရောဂါကို သိပါတယ်။
လိုသေးရင် ပြန်မေးတယ်။
အသက်-ကျား-မ အရင်ဆုံးရေးပါရန်လို့ မေးနည်းမှာ ထည့်ထားတယ်။
လူကြီးဆိုတာနဲ့ ကလေးရောဂါတွေ စဉ်းစားစရာ မလိုတော့။
အမျိုးသားဆိုတာနဲ့ အမျိုးသမီးရောဂါတွေ မလိုတော့ပါ။ ကိုယ်ဝန်၊ မီးယပ် မလိုအပ်တော့ပါ။
ဖြစ်တာဘယ်လောက်ကြာ သိချင်တယ်။ တရက်နှစ်ရက်ဆိုတာနဲ့ နာတာရှည်ရောဂါတွေ မလိုတော့။
ပုံဆိုတာ ဆေးစစ်ချက်။ ဆေးစစ်ချက်မှာလည်း အဖြေစာကြောင်းသာ လိုတယ်။ အာထွာဆောင်းပုံတွေ မလိုပါ။ မလိုပါကြောင်း အခါ ၂၀-၃၀ တင်ပြထားတယ်။
မှတ်ချက်
ကျွန်တော် စာရေးတာတိုင်းမှာ ပေါ့ပေါ့တန်တန် မရေးပါ။ မလိုတာလည်း မရေးပါ။
ပေါ့ပေါ့တန်တန် မှတ်ချက်တွေက အချိန်ကုန်စေတယ်။
နောက်လည်း အခုလို ဖြေရဦးမှာကိုလည်း သိတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment