Gum Discoloration သွားဖုံးမည်းနေလို့ပါရှင်
ပါးစပ်ဟလိုက်ပြီး အပြုံးမျက်နှာက လှနေတယ်ဆိုတာ ဖြူဖွေးညီညာနေတဲ့သွားနဲ့ မပြည့်စုံပါ။ သွားဖုံးတွေလဲ ပန်းရောင် တညီတညာတည်း သန်းနေရပါဦးမယ်။ သွားဖုံးအရောင်နဲ့ အသားရောင်က ယေဘုယျတူကြတယ်။
Periodontal Disease သွားဖုံးရောဂါရှိနေသလား။ သွားဖုံးကိုရော၊ အရိုးနဲ့ ဘေးနားက (တစ်ရှူး) တွေကိုပါ ရောဂါ ရစေတယ်။ Plaque (ပလိပ်) ခေါ်တာကနေ စဖြစ်တယ်။ ပိုးမွှားတွေကနေ ဖြစ်စေတယ်။ (ပလိပ်) ဖြစ်လာရင် အဲဒီအထဲမှာ ပိုးတွေအောင်းနေမယ်။ သွားဖုံး အရောင်ပြောင်းစေတယ်။
သွားဖုံးအရောင်မည်းတိုင်း ကျန်းမာရေးကြောင့် မဟုတ်ပါ။ မျိုးရိုးလိုက်ပြီး သွားဖုံးမည်းတာလဲ ရှိတယ်။ အရောင် ညိုလာ၊ မည်းလာတာဟာ Melanin (မယ်လနင်) ခေါ်တဲ့ ရောင်ချယ်တွေ ရှိသင့်တာထက် များလာလို့ ဖြစ်တယ်။ Melanin ဆိုတာ နေရောင်ထိရင် ပိုလာတယ်။ Addison’s disease, peutz jeghers syndrome, von recklinghausen’s disease ရောဂါတွေ ရှိနေရင်လဲ မယ်လနင်များနေမယ်။
ဆေးလိပ်သောက်သူတွေမှာ အရောင် ရင့်နေမယ်။ ခံတွင်းရောဂါတွေကနေလဲ သွားဖုံးအရောင် ပြောင်းလဲစေ၊ မည်းစေနိုင်တယ်။ ခံတွင်းသန့်ရှင်းရေးလိုရင်ဖြစ်မယ်။ Minocycline ပိုးသေးဆေး၊ ငှက်ဖျားဆေး၊ Tricyclic antidepressants စိတ်မကျဆေးတွေကနေ ဖြစ်စေနိုင်တယ်။
ကုသနည်းတွေ
၁။ အမည်းရောင်ပြောင်းတာဟာ အပေါ်ယံမှာသာဖြစ်တယ်။ အပေါ်လွှာကို ခွဲစိတ်နည်းနဲ့ ဖယ်ထုတ်လိုက်ရင် နဂိုပန်းရောင် ပြန်ပေါ်လာမယ်။ ဒီနည်းကို အများဆုံးလုပ်တယ်။ ထုံဆေးနဲ့လုပ်မယ်၊ ဆေးရုံတက်စရာ မလိုပါ။ ၁-၂ ရက်နဲ့ ကောင်းလာတာ တွေ့ရမယ်။ ၅-၆ လနေရင် အမည်းရောင် ၂၀-၃၀% ပြန်ပေါ်လာတတ်တယ်။ လိုအပ်ရင် ထပ်လုပ်နိုင်တယ်။
၂။ သွားဖုံးအရောင် မည်းနေတာက ရောဂါကြောင့် မဟုတ်ရင် Laser-based gum lightening treatments လေဆာသုံး ကုသနည်း ဆိုတာရှိတယ်။ တနာရီသာကြာမယ်။ တခါတည်းနဲ့ရတယ်။ ပြန်မပေါ်ဘူး။
၃။ Scaling and root planning ဆိုတဲ့ကုသနည်းနဲ့ Tartar (တာတာ) နဲ့ (ပလိပ်) ကို သွားဖုံးအနားသတ် အောက်ကနေ ဖယ်ရှားပေးတယ်။
၄။ တခြားဆေးပေးကုသနည်းတွေက မသေချာပါ။
ကိုယ့်သဘာဝအတိုင်းသာ ကျေနပ်နေတာလည်း ကောင်းတယ်။
Dr. တင့်ဆွေ
Comments
Post a Comment