Uniform ယူနီဖေါင်း သို့မဟုတ် အကြောက်ရောဂါ

မေးခွန်းတခု = ယပင့်ကျောက်က ဆေးရှိပြီး၊ ယရစ်ကြောက်က ဘာလို့ဆေးမရှိတာလဲဆရာ။

ပြန်စာ

Phobias အကြောက်ရောဂါတွေဟာ စိုးရိမ်စိတ်လွန်ကဲတဲ့ စိတ်ရောဂါတခုဖြစ်တယ်။ ကျား-မ၊ ပျို-အို အကုန်ဖြစ်တယ်။ ကလေးတွေမှာလည်း ဖြစ်ကြတယ်။ အမေရိကန် National Institute of Mental Health အဆိုအရ အသက် ၂၅ နှစ်အထက်ရှိသူ ၈့၇ ကနေ ၁၈့၁% မှာ ဒီအကြောက်လွန်ရောဂါရှိနေကြတယ်။ ကလေးတွေမှာ ၄% ကနေ ၁၀% အထိရှိကြတယ်။

ဆွီဒင်လေ့လာမှုတခုအရ အမျိုးသမီးတွေမှာ ၂၆့၅% ရှိလို့ပိုဖြစ်ကြတယ်။ ယောက်ျားတွေမှာ ၁၂့၄% ဖြစ်တယ်။ လူကြီးတွေထဲက အမျိုးသမီး ၂၁့၂% နဲ့ အမျိုးသား ၁ဝ့၉% တို့မှာ Specific phobias သတ်သတ်မှတ်မှတ်ကို ကြောက်နေတာရှိကြတယ်။ တိရစ္ဆာန်ကိုကြောက်သူတွေထဲမှာ အမျိုးသမီးတွေက ၄ ဆ ပိုတယ်။

ကုသနည်းတွေက အမျိုးမျိုးရှိတယ်။ ပျောက်ကင်းဘို့အလားအား ကောင်းပါတယ်။ Specific phobias တခုခုကို သတ်သတ်မှတ်မှတ် ကြောက်နေသူ ၇၅% ဟာ Cognitive-behavioral therapy စိတ်ကုသနည်းနဲ့ ပျောက်ကင်းကြတယ်။ Social phobia ခေါ်တဲ့ လူတောသူတောတိုးရမှာ ကြောက်သူတွေက ဆေးဝါးနဲ့ စိတ်ကုသနည်း လုပ်ပေးရင် ၈ဝ% ပျောက်တယ်။ Panic disorder ခေါ်တဲ့ အလွန်အကျွံထိတ်လန့်မှုဖြစ်ရင် ၃၀-၄၀% က ဆေးကုရင် ကောင်းလာမယ်။ ၅၀% လောက်က နည်းနည်းတော့ကျန်အုံးမယ်။

သတ်သတ်မှတ်မှတ်ကို ကြောက်နေတဲ့ရောဂါထဲမှာ ယူနီဖေါင်းမြင်ရင်ကြောက်နေရတာလည်းပါသလား မပြောတတ်ပါ။ ကိုယ့်တွေ့ပြောရရင် ၁၉၉ဝ အကုန်မှာ မြန်မာပြည်ကနေထွက်ပြီးကတည်းက အခုနေရာကိုမလာခင်အထိ ပတ်စ်ပို့တွေက မစစ်တစစ်ဖြစ်လို့ ခရီးသွားရရင် (အင်မီဂရေးရှင်း ကောင်တာ) ရောက်တိုင်း ရင်ခုန်ရတယ်။ အိန္ဒိယကိုရောက်ကာစ ရဲနဲ့စစ် ယူနီဖေါင်းဝတ်တွေမြင်ရင် တမျိုးဖြစ်ခဲ့ရသေးတယ်။

ကျွန်တော်လိုလူမျိုးတွေ ရောဂါပျောက်သွားစေခဲ့တာကတော့ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေမှာ နေရလို့သာဖြစ်တယ်။ တနည်းပြောရရင် နိုင်ငံရေးစနစ်သင့်တဲ့ဝန်းကျင်မှာ နေရလို့ပါ။ မြန်မာနိုင်ငံသားတွေ ကြောက်စိတ်တွေပျောက်ဖို့ဆိုရင် နိုင်ငံရေး တကယ်ကောင်းရပါလိမ့်မယ်။ ယူနီဖေါင်းဝတ်သူတွေကလည်း မဝတ်သူတွေနဲ့ တသားတည်းကျမှဖြစ်မယ်။

Uniform ယူနီဖေါင်းဆိုတဲ့ အင်္ဂလိပ်စကားမှာ တူညီဝတ်စုံဆိုတာနဲ့ တသားတည်းကျတယ်ဆိုတာ နှစ်မျိုးလုံးမှန်တယ်။

1. Uniform = denoting a garment forming part of a person's uniform. တူညီဝတ်စုံ။ ဥပမာ ပိုင်းလော့ဝတ်စုံ၊ စစ်ဝတ်စုံ။

2. Uniform = not changing in form or character; remaining the same in all cases and at all times. ပုံအသွင်သဏ္ဌာန်ရော အနှစ်သာရပါမပြောင်းလဲခြင်း။

ဒေါက်တာတင့်ဆွေ

၂၈-၂-၂၀၁၅

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ