Counting calories doesn't work. Try eating smarter instead

ကယ်လိုရီတွက်ချက်ခြင်းထက် ပိုမိုပါးနပ်စွာ စားသောက်ခြင်းကသာ အရေးကြီးပုံ

မိမိစားသုံးသည့် အစားအစာမှ ကယ်လိုရီ (အင်အားဓာတ်) မည်မျှရရှိသည်ဆိုသောအချက်မှာ မည်သည့်အချိန်တွင် စားသည်၊ မည်မျှမြန်မြန်စားသည်နှင့် မည်မျှအထိ ကြေညက်အောင် ဝါးစားသည်ဆိုသည့်အချက်များအပေါ်တွင် မူတည်နေပါသည်။

ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်အတွက် မိမိစားသုံးလိုက်သော ကယ်လိုရီနှင့် ပြန်လည်အသုံးပြုလိုက်သော ကယ်လိုရီတို့ကို နှိုင်းယှဉ်တွက်ချက်ရမည်ဟု အများက လက်ခံထားကြပါသည်။ "ဝင်သမျှအင်အားနှင့် ထွက်သမျှအင်အား" ဟူသော သဘောတရားမှာ ယုတ္တိရှိလှသော်လည်း၊ ဤသို့တွေးတောခြင်းဖြင့် အရေးကြီးသော အမှန်တရားတခုကို မျက်ကွယ်ပြုမိသကဲ့သို့ ဖြစ်နေပါသည်။ ထိုအချက်မှာ အစားအစာအားလုံးမှရသော ကယ်လိုရီများသည် တခုနှင့်တခု မတူညီကြခြင်းပင် ဖြစ်ပါသည်။ အမှန်စင်စစ်အားဖြင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်း၌ အစားအစာအမျိုးအစား၊ စားသုံးသည့် အမြန်နှုန်းနှင့် အူလမ်းကြောင်းအတွင်းရှိ အဏုဇီဝပိုးမွှားများ၏ တုံ့ပြန်မှုတို့အကြား ရှုပ်ထွေးလှသော ဇီဝကမ္မဖြစ်စဉ်များ ဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့ ဘာကိုစားသည်ဆိုသောအချက်မှာ အရေးကြီးနေဆဲပင် ဖြစ်ပါသည်။ ချိစ်ဘာဂါထက်စာလျှင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းက ပို၍ကောင်းမွန်မည်မှာ အမှန်ပင် ဖြစ်သော်လည်း၊ ၎င်းသည် တခုတည်းသော ထည့်သွင်းစဉ်းစားရမည့်အချက် မဟုတ်ပါ။ ဥပမာအားဖြင့် အစားစားသည့် အချိန်ကာလသည်လည်း အစားအစာ မည်မျှကြေညက်သည်နှင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ် မည်မျှရရှိသည်ဆိုသည့်အချက်တွင် အရေးပါသော ကဏ္ဍမှ ပါဝင်နေပါသည်။

သုတေသနပြုချက်တခုအရ ကိုယ်အလေးချိန်များနေသော အမျိုးသမီးများသည် ကယ်လိုရီအများစုကို နံနက်စာအချိန်တွင် စားသုံးကြသောအခါ၊ ညနေပိုင်းတွင် အများအပြားစားသူများနှင့် နှိုင်းယှဉ်လျှင် ကယ်လိုရီပမာဏချင်း တူသော်ငြားလည်း ကိုယ်အလေးချိန် ပိုမိုကျဆင်းလာသည်ကို တွေ့ရှိရပါသည်။

ယူကေနိုင်ငံမှ သုတေသီများ၏ အခြားသော လေ့လာမှုတခုတွင်လည်း နံနက်စာနှင့် ညစာအကြား အချိန်ကာလကို လျှော့ချခြင်းဖြင့် တနေ့တာ စားသုံးမိသော ကယ်လိုရီပမာဏကို နည်းပါးသွားစေနိုင်ကြောင်း တွေ့ရှိရပါသည်။ ကိုယ်အလေးချိန် အနည်းငယ်များနေသော လူကြီးများသည် နံနက်စာကို ပုံမှန်ထက် ၁ နာရီခွဲ နောက်ကျ၍ စားပြီး၊ ညစာကို ပုံမှန်ထက် မိနစ် ၉၀ စော၍ စားသောအခါ၊ အစားအစာ ပမာဏချင်း တူသော်လည်း ခန္ဓာကိုယ်အတွင်းရှိ အဆီဓာတ်များ သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရပါသည်။

သိပ္ပံပညာရှင်များကမူ ဤသို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်းရှိ ဇီဝနာရီ (Circadian Rhythms) များသည် အစားအစာ ချေဖျက်မှုဖြစ်စဉ်များနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်ဟု ယူဆကြပါသည်။ ဤသုတေသနနယ်ပယ်သစ်ကို "အချိန်နှင့်အာဟာရ ဆက်စပ်မှုပညာ" (Chrononutrition) ဟု ခေါ်ဆိုပါသည်။

စောစောစားခြင်းကလည်း အထောက်အကူပြုနိုင်ပါသည်။ စပိန်နိုင်ငံမှ သုတေသီများ၏ အဆိုအရ နေ့လယ်စာကို စောစောစားသူများသည် ညနေ ၃ နာရီနောက်ပိုင်းမှ စားသူများထက် ကိုယ်အလေးချိန် လျှော့ချရာတွင် ပိုမိုလွယ်ကူကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ည ၉ နာရီနောက်ပိုင်းတွင် မုန့်ပဲသရေစာ စားသုံးခြင်းသည် သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စထရော (အဆီဓာတ်) ကို မြင့်တက်စေပြီး ကိုယ်အလေးချိန်တက်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါသည်။

အစားစားချိန်သာမက အစားစားသည့် အမြန်နှုန်းမှာလည်း အရေးကြီးပါသည်။ အစားကို အလောတကြီး မြန်မြန်စားသူများသည် ပိုမိုစားမိတတ်သဖြင့် ကယ်လိုရီ ပိုမိုရရှိသွားတတ်ပါသည်။ လေ့လာမှုတခုတွင် ရေခဲမုန့်ကို ၅ မိနစ်အတွင်း ကုန်အောင်စားသူနှင့် မိနစ် ၃၀ ကြာအောင် အရသာခံစားသူတို့ကို နှိုင်းယှဉ်ရာ၊ ဖြည်းဖြည်းစားသူများတွင် ဆာလောင်မှုကို ထိန်းချုပ်ပေးသော ဟော်မုန်းများ ပိုမိုထွက်ရှိလာသည်ကို တွေ့ရပါသည်။

ဗိုက်ပြည့်သည်ဟူသော ခံစားချက်ကို သွေးအတွင်းသို့ ပို့ဆောင်ပေးရန်အတွက် အချိန် အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၆၀ အထိ ကြာမြင့်တတ်ပါသည်။ ထို့ကြောင့် ဖြည်းဖြည်းချင်း စားခြင်းက ဗိုက်ပြည့်သည်ဟူသော ခံစားချက်ကို ပိုမိုကြာရှည်စေပြီး နောက်ပိုင်းတွင် အစားစားလိုစိတ်ကို လျော့နည်းစေပါသည်။ အမြန်စားခြင်းသည် သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေပြီး ရေရှည်တွင် ဆီးချိုရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါသည်။

ထို့အပြင် အစားအစာ၏ တည်ဆောက်ပုံသည်လည်း ကယ်လိုရီ စုပ်ယူမှုအပေါ် သက်ရောက်မှုရှိပါသည်။ ဥပမာအားဖြင့် ဗာဒံစေ့ကို စားရာတွင် ကြေညက်အောင် ဝါးစားခြင်းနှင့် တဝက်တပျက်သာ ဝါးစားခြင်းတို့သည် ရရှိမည့် ကယ်လိုရီပမာဏ ကွာခြားသွားစေနိုင်ပါသည်။ တစုံလုံးရှိသော ပန်းသီးကို စားခြင်းက ပန်းသီးယို (Sauce) ကို စားခြင်းထက် ပိုမိုဗိုက်ပြည့်စေပါသည်။

အချုပ်အားဖြင့်ဆိုရသော် လူတဦးနှင့်တဦး အစားအစာ ချေဖျက်မှုဖြစ်စဉ်မှာ မတူညီကြပါ။ ကျွန်ုပ်တို့၏ အူလမ်းကြောင်းအတွင်းရှိ အဏုဇီဝပိုးမွှားများ (Microbiota) မတူညီကြသဖြင့် တူညီသော အစားအစာကို စားသော်လည်း တုံ့ပြန်ပုံချင်း ကွဲပြားနေခြင်းဖြစ်ပါသည်။ ဤအချက်သည် အချို့သောသူများအတွက် ကိုယ်အလေးချိန် ထိန်းသိမ်းရသည်မှာ အခြားသူများထက် အဘယ်ကြောင့် ပို၍လွယ်ကူနေရသနည်းဆိုသည်ကို ရှင်းပြပေးနေခြင်းပင် ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ