Healthy Ladies အမျိုးသမီးကြီးတွေ ကျက်သရေရှိကြပါစေ
ဆရာရှင့် ရိုသေစွာမေးမြန်းလိုပါတယ်။ ကျမအမေက အသက် ၅၃ နှစ်ရှိပါပြီရှင့်။ မနက်အိပ်ယာနိုးနိုးချင်းဆိုရင် ခြေချောင်း လက်ချောင်းတွေက တင်းပြီးနာနေတယ်။ ကွေးလို့မရဘူးဆရာ။ ဖြစ်နေတာကတော့ ၁ နှစ်လောက်ရှိပါပြီဆရာ။ သွေး ဆီး အကုန်စစ်ပြီး သမားတော်ပြတော့လည်းရောဂါမတွေ့ဘူးတဲ့ဆရာ။ ဘယ်လိုနည်းနဲ့ကုသပေးရမယ်ဆိုတာ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါလားဆရာ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထော မရှိရင် စိုးရိမ်စရာမရှိပါ။ နှစ်ဖက်လုံး (လေးဖက်လုံး) ဖြစ်တာလား။ နာသလား။ ရောင်နေသလား။ ထုံသေးလား။ သွေးဆုံးပြီလား။
သွေးတိုး/ဆီးချို /ကိုလက်စထော မရှိပါဘူးဆရာ။ လက်ဖဝါးနှစ်ဖက်/ခြေဖဝါးနှစ်ဖက်လုံးဖြစ်ပြီး အိပ်ယာနိုးစဆိုရင် လက်လည်းကွေးလို့မရသလိုခြေထောက်လည်းထောက်လို့မရပါဘူးဆရာ။ တင်းပြီးနာပါတယ်တဲ့ဆရာ။ ရောင်တာ ထုံတာတော့မဖြစ်ပါဘူးဆရာ။ သွေးဆုံးပြီး သိပ်မကြာခင်မှာ စဖြစ်တာပါဆရာရှင့်။
ဒီအရွယ်အမျိုးသမီးတွေမှာ သွေးတိုး၊ ဆီးချို၊ ကိုလက်စထော မရှိတာ အလွန်ကံကောင်းတယ်။ သတိထား လိုက်နာစရာတွေတော့ ရှိပါတယ်။ အငန် (ဆိုဒီယမ် = ဆား၊ ဟင်းချိုမှုံ့၊ အသားမှုံ့) လျှော့ပါ၊ ရှောင်ပါ။ သွေးဆုံးပြီးရင် မ-ဟော်မုန်းနည်းသွားတယ်။ တချို့မှာ ဟော်မုန်းအစားထိုးဆေးပေးရတယ်။ သဘာဝအမျိုးသမီးဟော်မုန်း ပါတာတွေ စားသုံးရမယ်။ အစေ့အဆံတွေ၊ အစေ့အဆံတွေကရတဲ့ဆီ၊ ပဲပုပ်၊ ပြောင်း-ပြောင်းနှံ၊ ပေါင်မုံ့၊ ပဲတောင့်ရှည်နဲ့ အသားတွေမှာပါတယ်။ ဗီသွာ (နှမ်းကြတ်) နဲ့ အစေ့အဆံကရတဲ့ဆီတွေဟာ အများဆုံးနဲ့ ပဲပုပ်နဲ့ တို့ဟူးတို့က ဒုတိယလိုက်တယ်။ ကုလားပဲနဲ့ ပဲနီလေးတွေမှာလဲ ပါတယ်။
ဗီတာမင် ဘီ ၆ သောက်ပေးတာ တချို့မှာ သက်သာတယ်။ ဗီတာမင် (အီး) ကတော့ နည်းနည်းအကျိုးရှိတယ်။ Menosan ဆေးမှာ (ဟာဗယ်) ဆေးတွေ ပါတယ်။ Tibolone နဲ့ Black Cohosh အကျိုးရှိတာ တွေ့ရတယ်။
အမျိုးသမီးနဲ့ ကယ်လ်စီယမ် အလွန်အရေးကြီးတယ်။ အသက် ၃၅-၄၀ နှစ်ကျော်လာရင်လိုပြီ။ ဗီတာမင်ဒီနဲ့ တွဲသောက်သင့်တယ်။ အသက် ၅၀ ကျော်ရင် 1200 to 1,500 mg လိုတယ်။ သတိထားဘို့က စားသောက်တာထဲမှာ ပါတာကိုလဲ ထည့်တွက်ရမယ်။ များရင်မကောင်းပြန်ပါ။
Osteoporosis အရိုးအားနည်းရောဂါဖြစ်နေရင် မတော်တဆကနေ အရိုးကျိုးလွယ်မယ်။ အရိုးထုထည်နဲ့ သိပ်သည်းမှု နည်းလို့ဖြစ်တယ်။ အမေရိကမှာ နှစ်စဉ် ဒီရောဂါနဲ့ဆက်ပြီး အရိုးကျိုးသူပေါင်း ၁့ ၃ သန်းကျော်တယ်။ အသက် (၇၀) ကျော် ယောက်ျား-မိန်းမတွေ တနေ့မှာ ဗီတာမင်ဒီ 800 IU လိုအပ်တယ်။ ဒိထက်ငယ်သူတွေက 600 IU လိုတယ်။ (ကယ်လ်စီယမ်) စုပ်ယူဘို့ ဗီတာမင် (ဒီ) လိုအပ်တယ်။ ဒါကြောင့် တွဲပေးလေ့ရှိတယ်။ လူကြီးတိုင်း တနေ့မှာ Vitamin D 600 IU (15 micrograms) လိုအပ်တယ်။
သက်သတ်လွတ်စားသူ၊ Lactose intolerance ရောဂါရှိသူ၊ (ပရိုတင်း) အစာများလွန်သူ၊ ဆာစားများလွန်းသူ၊ Osteoporosis အရိုးအားနည်းသူ၊ Corticosteroids ကော်တီကိုစတီရွိုက်ဆေး ကြာကြာသုံးနေရသူတွေမှာ အစားအသောက် ဂရုစိုက်ယုံနဲ့ မလုံလောက်ပါ။ ဆေးအနေနဲ့ Calcium carbonate, Calcium citrate, Calcium gluconate နဲ့ Calcium lactate ဆိုပြီး ၄ မျိုးရှိတယ်။ Calcium carbonate က ဈေးချိုတယ်။ တခြားဗီတာမင်တွေနဲ့ ရောထားတာတွေလဲရှိသေးတယ်။ များသွားလို့ မကောင်းတာလဲ သတိထားပါ။
(ကယ်လ်စီယမ်) ပါတဲ့ အစားအသောက်များ = နွားနို့၊ ဒိန်၊ ဒိန်ခဲ၊ အစိမ်းရောင်ရှိ အရွက်ဖါးဖါး အသီးအရွက်များ၊ အရိုးပါစားလို့ရတဲ့ငါးများ၊ ကယ်လ်စီယမ်) ဖြည့်စွက်ပေးထားတဲ့အစားအသောက်များ။
နွားနို့ 8 ounces (237 milliliters) = 300 milligrams
ဒိန်ခဲ (ယူအက်စ်) 2 ounces (57 grams) = 300 milligrams
တို့ဖူး 4 ounces (113 grams) = 260 milligrams
ရောဂတ် (ဒိန်ချဉ်) 6 ounces (177 milliliters) = 225 milligrams
အိုက်စခရင်မ် 4 ounces (113 grams) = 120 milligrams
ဒိန်ခဲ (အိမ်လုပ်) 4 ounces (113 grams) = 70 milligrams
အဝတ်အစား အေးတာရွေးဝတ်ပါ။ (ကေဖင်း) ပါတာ လျှော့စားပါ။ အပူအစပ် လျှော့စားပါ။ အဆီ လျှော့စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အကြာကြီးငြိမ်ထိုင်နေတာ လှဲနေတာ မကောင်းပါ။ ယောဂလုပ်ပါ။ အနှိပ်ခံပါ။ တရားထိုင်ပါ။ ကိုယ်အလေးချိန်ချပါ။ စိတ်ကို အပြုသဘောဆောင်ပါ။ မြန်မာအမျိုးသမီးကြီးတိုင်း ကျက်သရေရှိကြပါစေ။
Jessica Alba
ဒေါက်တာတင့်ဆွေ

Comments
Post a Comment