လူငယ်များတွင် ကင်ဆာရောဂါ ၁၁ မျိုး ပိုမိုအဖြစ်များလာခြင်း

အင်္ဂလန်နိုင်ငံရှိ လူငယ်ထုအတွင်း ကင်ဆာရောဂါ ၁၁ မျိုး ပိုမိုအဖြစ်များလာနေကြောင်း အဓိကကျသော သုတေသနပြုချက်တခုက ဖော်ပြလိုက်ပါသည်။ ၎င်းတို့အနက် အူမကြီးကင်ဆာသည်လည်း တခုအပါအဝင်ဖြစ်သော်လည်း အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကိုမူ သိပ္ပံပညာရှင်များ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါသည်။

ဗြိတိန်ကင်ဆာသုတေသနဌာနနှင့် အင်ပီရီရယ်ကောလိပ် (Imperial College London) မှ သိပ္ပံပညာရှင်များက လူငယ်များတွင် ကင်ဆာဖြစ်ပွားမှုမှာ ရှားပါးပါသေးကြောင်းနှင့် ကျန်းမာသော နေထိုင်မှုပုံစံဖြင့် ကာကွယ်နိုင်ကြောင်း အလေးထားပြောကြားပါသည်။ ဆယ်ကျော်သက်နှောင်းပိုင်းမှ အသက် ၄၀ ကြား လူများတွင် ကင်ဆာဖြစ်ပွားမှု တိုးလာခြင်းမှာ ပညာရှင်များအတွက် နှစ်ရှည်လများ ပဟေဠိဖြစ်နေခဲ့ပါသည်။

တိုးပွားလာသော ကင်ဆာအမျိုးအစားများ

အူမကြီးကင်ဆာအပြင် လည်ပင်းကြီး (Thyroid)၊ ရိုးတွင်းခြင်ဆီ (Multiple Myeloma)၊ အသည်း၊ ကျောက်ကပ်၊ သည်းခြေအိတ်၊ ပန်ကရိယ၊ သားအိမ်နံရံ၊ ပါးစပ်၊ ရင်သားနှင့် သားဥအိမ်ကင်ဆာများ တိုးပွားလာနေပါသည်။ အူမကြီးနှင့် ရင်သားကင်ဆာမှာ လူငယ်များတွင် အဖြစ်အများဆုံးဖြစ်ပြီး တနှစ်လျှင် လူနာ ၁၁,၅၀၀ ခန့် ရှိနေပါသည်။

အဝလွန်ခြင်းနှင့် ဆက်စပ်မှု

၁၉၉၀ ပြည့်နှစ်များမှစ၍ မြင့်တက်လာသော အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်လွန်ကဲခြင်းသည် ကင်ဆာဖြစ်ပွားမှုနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု အစီရင်ခံစာက ဆိုပါသည်။ ခန္ဓာကိုယ်အတွင်းရှိ အဆီတရှူးများက အင်ဆူလင်ကဲ့သို့သော ဟော်မုန်းများကို ပြောင်းလဲစေနိုင်သဖြင့် ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှု ၁၀၀ လျှင် ၂၀ ခန့်မှာ ကိုယ်အလေးချိန်လွန်ကဲခြင်းကြောင့်ဖြစ်ပြီး ကျန် ၈၀ ခန့်မှာ အကြောင်းရင်းကို မသိရသေးပါ။

အူမကြီးကင်ဆာ၏ ရှေ့ပြေးလက္ခဏာများ

အောက်ပါလက္ခဏာများကို သတိပြုသင့်ပါသည် -

၁။ ဝမ်းအတွင်း အကြောင်းရင်းမရှိဘဲ သွေးပါခြင်း (အနီရောင်တောက်တောက် သို့မဟုတ် အမည်းရောင်)။

၂။ ဝမ်းသွားသည့်အလေ့အထ ပြောင်းလဲခြင်း (ဥပမာ - ဝမ်းခဏခဏသွားခြင်း၊ ဝမ်းပျော့ခြင်း သို့မဟုတ် ဝမ်းအလွန်မာခြင်း)။

၃။ ဗိုက်အောက်ပိုင်းနာခြင်း သို့မဟုတ် လေပွခြင်း (ဗိုက်ထဲတွင် တင်းကျပ်နေခြင်း)။

အခြားလက္ခဏာများမှာ ကိုယ်အလေးချိန်ကျခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့် ဝမ်းသွားပြီးသော်လည်း ဝမ်းမကုန်သကဲ့သို့ ခံစားရခြင်းတို့ ဖြစ်ပါသည်။ ဤလက္ခဏာများသည် အူမကြီးကင်ဆာကြောင့်သာ မဟုတ်နိုင်သော်လည်း သုံးပတ်ထက်ကျော်လွန်ပါက မိသားစုဆရာဝန် (GP) ထံ ပြသသင့်ပါသည်။

ကာကွယ်ရန်နည်းလမ်းများ

သိပ္ပံပညာရှင်များက အူမကြီးကင်ဆာ ထက်ဝက်ကျော်ကို ကျန်းမာသော နေထိုင်မှုပုံစံဖြင့် ကာကွယ်နိုင်ကြောင်း ဆိုပါသည် -

လေ့ကျင့်ခန်း ပိုမိုပြုလုပ်ခြင်း။

အမျှင်ဓာတ် (Fibre) ပိုမိုစားသုံးပြီး အဆီလျှော့စားခြင်း။

တနေ့လျှင် ရေ ၆ ခွက်မှ ၈ ခွက်အထိ သောက်ခြင်း။

အသားနီများနှင့် ပြုပြင်ထားသောအသားများ (ဥပမာ - ဝက်အူချောင်း၊ ဘေကွန်) ကို လျှော့စားခြင်း။

ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်း။

ကုသမှုနှင့် ရှင်သန်နိုင်ခြေ

အူမကြီးကင်ဆာကို စောစီးစွာသိရှိပါက ကုသ၍ ပျောက်ကင်းနိုင်ပါသည်။ အစောဆုံးအဆင့် (Stage 1) တွင် သိရှိသော လူနာများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ၅ နှစ်နှင့်အထက် ရှင်သန်နိုင်ပါသည်။ ယခုအခါ မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်မှုများ (Genetic Testing) တိုးတက်လာသဖြင့် လူနာတဦးချင်းစီနှင့် ကိုက်ညီမည့် ကုသမှုများကို ပိုမိုလုပ်ဆောင်လာနိုင်ပြီ ဖြစ်ပါသည်။

အသက် ၅၀ မတိုင်မီ မိသားစုဝင်ထဲတွင် ကင်ဆာဖြစ်ဖူးသူရှိပါက မိသားစုဆရာဝန်ကို အသိပေးတိုင်ပင်ထားသင့်ပါသည်။ အင်္ဂလန်၊ စကော့တလန်နှင့် ဝေလပြည်နယ်တို့တွင် အသက် ၅၀ မှစ၍ ကင်ဆာစစ်ဆေးခြင်း (Screening) များကို အခမဲ့ ပြုလုပ်ပေးလျှက် ရှိပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ