Build a Treatment Plan for Type 2 Diabetes
အမျိုးအစား (၂) ဆီးချိုရောဂါအတွက် ကုသမှုစီမံချက် ရေးဆွဲခြင်း
အမျိုးအစား (၂) ဆီးချိုရောဂါရှိကြောင်း သိလိုက်ရချိန်တွင် အထူးသဖြင့် မိမိအတွက် အသစ်အဆန်းဖြစ်နေပါက သိလိုသည်များနှင့် စိုးရိမ်ပူပန်မှုများစွာ ရှိလာနိုင်ပါသည်။ မိမိ၏ သွေးတွင်းသကြားဓာတ် (ဂလူးကို့စ်) ကို ထိန်းချုပ်နိုင်ရန် မည်သို့သော နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲရမည်၊ မည်သည့်ဆေးဝါးများက မိမိနှင့် အသင့်တော်ဆုံးဖြစ်မည်ကို သိရှိနားလည်ရန် အချိန်အတန်ကြာ ယူရနိုင်ပါသည်။ သို့သော် မှန်ကန်သော ကုသမှုစီမံချက်ဖြင့်ဆိုလျှင် အမျိုးအစား (၂) ဆီးချိုရောဂါ ရှိနေသော်လည်း ကျန်းမာတက်ကြွသော ဘဝကို ရေရှည်ပိုင်ဆိုင်နိုင်ပါသည်။
အမျိုးအစား (၂) ဆီးချိုရောဂါအကြောင်း နားလည်ခြင်း
အမျိုးအစား (၂) ဆီးချိုရောဂါသည် သွေးတွင်းသကြားဓာတ်ကို ကျန်းမာသော အဆင့်တွင် ထိန်းထားနိုင်ရန် ခန္ဓာကိုယ်က အင်ဆူလင် (Insulin) ကို ထိရောက်စွာ အသုံးမချနိုင်တော့သောအခါတွင် ဖြစ်ပွားပါသည်။ အင်ဆူလင်ဆိုသည်မှာ သွေးကြောထဲရှိ သကြားဓာတ်များကို ဆဲလ်များအတွင်းသို့ ပို့ဆောင်ပေးကာ ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် အသုံးချစေနိုင်သော ဟော်မုန်း တမျိုး ဖြစ်ပါသည်။ ကနဦးတွင် ပန်ကရိယ (မုန့်ချိုအိတ်) က သကြားဓာတ်များကို ထိန်းရန် အင်ဆူလင်များ ပိုမိုထုတ်ပေးသော်လည်း ကြာလာသောအခါ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ဘဲ သွေးကြောထဲ၌ သကြားဓာတ်များ စုပုံလာပါသည်။
သွေးတွင်းသကြားဓာတ်သည် အချိန်ကြာမြင့်စွာ မြင့်တက်နေပါက သွေးကြောများနှင့် အာရုံကြောများကို ပျက်စီးစေနိုင်ပါသည်။ ယင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံ ချို့ယွင်းခြင်းနှင့် အာရုံကြောကိုက်ခဲခြင်းတို့ ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။
ကောင်းမွန်သော သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုဖြင့် ထိုဆိုးကျိုးများကို များစွာ ကာကွယ်နိုင်ပါသည်။
ဆီးချိုရောဂါကို နေ့စဉ် ထိန်းချုပ်နိုင်ရန် ကုသမှုစီမံချက် တခု ကို ရေးဆွဲရမည် ဖြစ်ပါသည်။ ထိုစီမံချက်တွင် အောက်ပါတို့ ပါဝင်ပါသည် -
မည်သည်တို့ကို မည်သို့ စားသောက်မည်နည်း။
မည်မျှအထိနှင့် မည်မျှအကြိမ်ရေ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်မည်နည်း။
ဆေးဝါးသောက်ရန် လို၊ မလိုနှင့် မည်သည့်ဆေးကို သောက်ရမည်နည်း။
သွေးတွင်းသကြားဓာတ်ကို မည်မျှအကြိမ်ရေ စစ်ဆေးမည်နည်း။
ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့နှင့် မည်မျှအကြိမ်ရေ ပြသမည်နည်း။
အမျိုးအစား (၂) ဆီးချိုရောဂါရှင်များအတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် အကြံပြုချက်များ
လူတိုင်းအတွက် ထပ်တူကျသော စီမံချက်ဟူ၍ မရှိပါ။ သင်၏ စီမံချက်သည် သင်၏ ငွေကြေးအင်အား၊ အချိန်ဇယား၊ နှစ်သက်မှုနှင့် ကျန်းမာရေး ရည်မှန်းချက်များနှင့် ကိုက်ညီရပါမည်။ ကောင်းမွန်သော စီမံချက်ဆိုသည်မှာ လက်တွေ့ကျ၍ လိုက်နာရန်လည်း လွယ်ကူရပါမည်။
ဦးစွာ သင်၏ ဆီးချိုစောင့်ရှောက်မှု အဖွဲ့နှင့် စတင်တိုင်ပင်ပါ။ ဆရာဝန်၊ သူနာပြု၊ ဆီးချိုရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ သွေးတွင်းသကြားဓာတ်၊ ကိုယ်အလေးချိန်၊ သွေးဖိအားနှင့် ကိုလက်စထရော (Cholesterol) ဆိုင်ရာ ရည်မှန်းချက်များကို ဆုံးဖြတ်နိုင်ပါသည်။ ၎င်းတို့အား အောက်ပါမေးခွန်းများကို မေးမြန်းနိုင်ပါသည် -
ယခုပင် ဆေးသောက်ရန် လိုအပ်ပါသလား သို့မဟုတ် နေထိုင်မှုပုံစံ ပြောင်းလဲကြည့်ပြီး သွေးတွင်းသကြားဓာတ်အပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို အရင်ကြည့်ရမည်လား။
ကျွန်ုပ်အတွက် သွေးတွင်းသကြားဓာတ် ရည်မှန်းချက်က ဘယ်လောက်လဲ။
မည်သည့် ဆေးဘေးထွက်ဆိုးကျိုးများကို သတိထားရမည်လဲ။
ကျွန်ုပ်အတွက် သင့်တော်သော ကိုယ်အလေးချိန် ရည်မှန်းချက်က ဘယ်လောက်လဲ။
မည်သည့် ကိုယ်လက်လှုပ်ရှားမှုများက ကျွန်ုပ်အတွက် ဘေးကင်းပါသနည်း။
မည်သည့် အစားအစာများကို စားသင့်ပြီး မည်သည်တို့ကို ရှောင်ရမည်လဲ။
သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်စစ်ဆေးခြင်း
ဆရာဝန်က သင့်အား သွေးတွင်းသကြားဓာတ်ကို အိမ်၌ပင် စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။ ယင်းက အစားအစာ၊ ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုနှင့် ဆေးဝါးများက သင့်အဆင့်အပေါ် မည်သို့ သက်ရောက်သည်ကို သင့်အနေဖြင့် (ဆရာဝန်ကလည်း) နားလည်ရန် ကူညီပေးပါသည်။ အချို့က နေ့စဉ် စစ်ဆေးကြသော်လည်း အချို့ကမူ ထိုမျှ အကြိမ်ရေ မများလှပါ။ သင်၏ ကုသမှုစီမံချက်အပေါ် မူတည်၍ ဆရာဝန်က လမ်းညွှန်ပါလိမ့်မည်။
သွေးတွင်းသကြားဓာတ်ကို စစ်ဆေးသည့် ကိရိယာများ အသုံးပြုပုံကို သိထားရန် အရေးကြီးပါသည်။ နေ့စဉ် စစ်ဆေးရန် နည်းလမ်း (၂) မျိုး ရှိပါသည် -
သွေးတွင်းသကြားဓာတ် တိုင်းကိရိယာ (Blood glucose meter) - လက်ထိပ်ကို ဖောက်၍ သွေးစက် တစက် ထုတ်ယူပြီး စမ်းသပ်စစ်ဆေးသည့် အချောင်းလေးပေါ်သို့ တင်ရပါသည်။ ထိုအချောင်းကို စက်ထဲသို့ ထည့်လိုက်သောအခါ စက်မျက်နှာပြင်တွင် သွေးတွင်းသကြားဓာတ် ပမာဏကို ဖော်ပြပေးပါသည်။
အစဉ်မပြတ် သကြားဓာတ် တိုင်းကိရိယာ (Continuous glucose monitor) - လက်ထိပ်ဖောက်သော နည်းလမ်းမှာ ထိုခဏတာ အခြေအနေကိုသာ ပြသသော်လည်း ဤကိရိယာကမူ အရေပြားအောက်တွင် အာရုံခံကိရိယာ သေးသေးလေးကို ထည့်သွင်းထားပြီး ဆဲလ်များကြားရှိ အရည်ထဲမှ သကြားဓာတ်ကို စစ်ဆေးပေးပါသည်။ ထိုအချက်အလက်များကို စမတ်ဖုန်း သို့မဟုတ် ဖတ်ရှုသည့် ကိရိယာထံသို့ ကြိုးမဲ့စနစ်ဖြင့် ပေးပို့ပါသည်။ သကြားဓာတ် မြင့်လွန်းခြင်း၊ နိမ့်လွန်းခြင်းဖြစ်ပါက အချက်ပေးစနစ်များလည်း ပါဝင်သောကြောင့် အင်ဆူလင်၊ အစားအစာနှင့် လှုပ်ရှားမှုများအတွက် ပိုမိုဘေးကင်းသော ဆုံးဖြတ်ချက်များ ချနိုင်ရန် ကူညီပေးပါသည်။
ယေဘုယျအားဖြင့် ဆရာဝန်များ အကြံပြုသော နေ့စဉ် သွေးတွင်းသကြားဓာတ် ရည်မှန်းချက်များမှာ -
အစာမစားမီ - 80 မှ 130 mg/dL ဝန်းကျင်
အစာစားပြီး တနာရီမှ နှစ်နာရီအတွင်း - 180 mg/dL ထက် နည်းရမည်။
ဤကိန်းဂဏန်းများသည် ယေဘုယျ လမ်းညွှန်ချက်များသာ ဖြစ်ပါသည်။ သင်နှင့် ကိုက်ညီသော ပစ်မှတ်များကို သိရှိနိုင်ရန် ဆရာဝန်က ကူညီပါလိမ့်မည်။
ဆီးချိုရောဂါ ထိန်းချုပ်မှုကို ရေရှည် စောင့်ကြည့်ရန်အတွက် အသုံးများသော စစ်ဆေးမှုမှာ A1c စစ်ဆေးမှု ဖြစ်ပါသည်။ ၎င်းသည် လွန်ခဲ့သော နှစ်လမှ သုံးလအတွင်း သင်၏ ပျမ်းမျှ သွေးတွင်းသကြားဓာတ်ကို ပြသပါသည်။ အမျိုးအစား (၂) ဆီးချိုရှိသော လူကြီးအများစုမှာ A1c ကို ၇ ရာခိုင်နှုန်း (7%) အောက် ရောက်ရန် ရည်မှန်းကြပါသည်။ သင်၏ အသက်အရွယ်၊ အခြား ကျန်းမာရေး အခြေအနေများနှင့် သကြားဓာတ် အလွန်အမင်း ကျဆင်းနိုင်ခြေတို့အပေါ် မူတည်၍ ဆရာဝန်က မတူညီသော ရည်မှန်းချက်များ သတ်မှတ်ပေးနိုင်ပါသည်။ သင်၏ ဆီးချိုစီမံခန့်ခွဲမှု စီမံချက်ကို ရေးဆွဲရာတွင် A1c ရည်မှန်းချက်ကို သေချာစွာ နားလည်စေရန် ဆရာဝန်နှင့် ဆွေးနွေးပါ။
(၂)
ထိရောက်သော နေထိုင်မှုပုံစံ အပြောင်းအလဲများ
နေ့စဉ် အလေ့အထများသည် အမျိုးအစား (၂) ဆီးချိုရောဂါကို ထိန်းချုပ်ရာတွင် အဓိက ကဏ္ဍမှ ပါဝင်ပါသည်။ မျှတအောင် စားသောက်ခြင်း၊ တက်ကြွစွာ လှုပ်ရှားခြင်းနှင့် စိတ်ဖိစီးမှု လျှော့ချခြင်းတို့သည် သွေးတွင်းသကြားဓာတ်ကို ဘေးကင်းသော အတိုင်းအတာအတွင်း ရှိနေစေရန် ကူညီပေးနိုင်ပါသည်။ ဤအဆင့်များသည် သင့်တင့်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်လည်း အထောက်အကူပြုပါသည်။ ကိုယ်အလေးချိန် များနေသူဖြစ်ပါက မိမိကိုယ်အလေးချိန်၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် (5%-10%) လျှော့ချနိုင်ရုံမျှဖြင့် သွေးတွင်းသကြားဓာတ်၊ သွေးဖိအားနှင့် ကိုလက်စထရောတို့ကို သိသိသာသာ ကောင်းမွန်လာစေနိုင်ပါသည်။
ဆီးချိုရောဂါနှင့် သင့်တော်သော အစားအစာများကို ရွေးချယ်ခြင်း
အစားအစာသည် ဆီးချိုရောဂါကို စီမံခန့်ခွဲရာတွင် အစွမ်းထက်ဆုံးသော လက်နက် တခု ဖြစ်ပါသည်။ အဓိကအချက်မှာ အစားအစာ အမျိုးမျိုးက မိမိ၏ သွေးတွင်းသကြားဓာတ်အပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို လေ့လာရန်ဖြစ်ပြီး မည်သည်ကို အဓိကစားရမည်၊ မည်သည်ကို ချင့်ချိန်စားရမည်ကို သိရှိရန် ဖြစ်ပါသည်။
ဆီးချိုရောဂါနှင့် သင့်တော်သော စားသောက်မှုပုံစံတွင် များသောအားဖြင့် အောက်ပါတို့ ပါဝင်ပါသည် -
ကစီဓာတ်နည်းသော ဟင်းသီးဟင်းရွက်များ (ဥပမာ- ငရုတ်ပွ၊ ဖရုံပြား၊ ဟင်းနုနွယ်နှင့် ပန်းဂေါ်ဖီစိမ်း)။
အဆီနည်းသော ပရိုတင်းများ (ကြက်သား၊ ငါး၊ ကြက်ဥနှင့် ပဲအမျိုးမျိုး)။
ကျန်းမာရေးနှင့် ညီညွတ်သော အဆီများ (အိုလစ်ဆီ၊ ထောပတ်သီးနှင့် အစေ့အဆန်များ)။
အမျှင်ဓာတ်ကြွယ်ဝသော ကစီဓာတ်များ (ဆန်လုံးညို၊ ပဲကြီး၊ ပဲနီလေး)။
ပတ်စတာ၊ အာလူး၊ ထမင်းနှင့် အချို့သော သစ်သီးဝလံများကဲ့သို့ ကစီဓာတ်များသော အစားအစာများသည် ပရိုတင်း သို့မဟုတ် အဆီများထက် သွေးတွင်းသကြားဓာတ်ကို ပိုမိုမြန်ဆန်စွာ တက်စေနိုင်ကြောင်း သတိပြုပါ။ ကစီဓာတ်များကို ပရိုတင်း သို့မဟုတ် အမျှင်ဓာတ်များနှင့် တွဲဖက်စားသုံးခြင်းက သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်ခြင်းကို လျှော့ချပေးနိုင်ပါသည်။
အချိုရည်များ၊ လက်ဖက်ရည်ချို၊ သစ်သီးဖျော်ရည်များနှင့် ကိတ်မုန့်၊ သကြားလုံး၊ ရေခဲမုန့်ကဲ့သို့ အချိုများသော အစားအစာများသည် သွေးတွင်းသကြားဓာတ်ကို အလွန်မြန်ဆန်စွာ တက်စေနိုင်ပါသည်။ အချိုစားသုံးမှုကို လျှော့ချခြင်းသည် အစောပိုင်းတွင် သင်လုပ်ဆောင်နိုင်သော အထိရောက်ဆုံး အဆင့် တခု ဖြစ်ပါသည်။
မိမိ၏ စားသောက်ဖွယ်ရာ စာရင်း တခု လုံးကို အကုန်အစင် လဲလှယ်ပစ်မည့်အစား နှစ်သက်သော ဟင်းလျာများတွင် ပါဝင်ပစ္စည်းများကို အစားထိုးသုံးစွဲခြင်းက ပိုမိုအဆင်ပြေစေနိုင်ပါသည်။ တခါတရံတွင် စားသုံးသည့် ပမာဏ (portion size) ကို ဂရုစိုက်ရုံမျှဖြင့်လည်း သိသာသော ထူးခြားမှုကို ရရှိစေနိုင်ပါသည်။
ဥပမာအားဖြင့် -
ဂျုံပြားအစား ပြောင်းဖူးဖြင့်လုပ်သော မုန့်ပြားကို ရွေးချယ်ပါ။
အသားများကို ဆီကြော်မည့်အစား ကင်၍စားပါ။
ဆန်ဖြူအစား ဆန်လုံးညိုကို စားပါ။
ထမင်းထဲတွင် ဟင်းသီးဟင်းရွက်များ ရောနှောထည့်သွင်းခြင်းဖြင့် သွေးတွင်းသကြားဓာတ် တက်မှုကို လျှော့ချပါ။
အစားအသောက် ကျွမ်းကျင်ပညာရှင် (Dietitian) သည်လည်း ဆီးချိုနှင့် သင့်တော်သော စားသောက်မှုပုံစံသစ်များအတွက် များစွာ အထောက်အကူပြုနိုင်ပါသည်။
ပန်းကန်၏ တဝက်ကို ဟင်းနုနွယ်၊ မုန်လာဥနီနှင့် ခရမ်းချဉ်သီးကဲ့သို့ ကစီဓာတ်နည်းသော ဟင်းသီးဟင်းရွက်များဖြင့် ဖြည့်ပါ။
ပန်းကန်၏ လေးပုံ တပုံ ကို တူနာငါး၊ အဆီနည်းသော ဝက်သား သို့မဟုတ် ကြက်သားကဲ့သို့ ပရိုတင်းများဖြင့် ဖြည့်ပါ။
ကျန်ရှိသော လေးပုံ တပုံ ကို ဆန်လုံးညို သို့မဟုတ် ပဲသီးစိမ်းကဲ့သို့ ကစီဓာတ်များဖြင့် ဖြည့်ပါ။
လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း
လေ့ကျင့်ခန်းသည် ခန္ဓာကိုယ်မှ အင်ဆူလင်ကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်စေရန်၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချရန်၊ ကိုယ်အလေးချိန်ကျရန်နှင့် စိတ်ခံစားမှုနှင့် အားအင်ကို တိုးတက်စေရန် ကူညီပေးပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် အားကစားရုံ သို့မဟုတ် စျေးကြီးသော ကိရိယာများ မလိုအပ်ပါ။ နှလုံးခုန်နှုန်း မြန်စေပြီး ကြွက်သားများကို အသုံးပြုရသော မည်သည့် ပုံမှန်လှုပ်ရှားမှုမျိုးမဆို ထူးခြားမှုကို ဖြစ်စေနိုင်ပါသည်။
ယခင်က လေ့ကျင့်ခန်း မလုပ်ဖူးပါက ရိုးရှင်းသော အရာမှ စတင်ပါ -
ညစာစားပြီးနောက် လမ်းလျှောက်ပါ။
အိမ်တွင် တေးဂီတဖွင့်၍ ၁၅ မိနစ်ခန့် ကခုန်ပါ။
နေ့စဉ် အကြောလျှော့သည့် အလေ့အထကို ပြုလုပ်ပါ။
ပိုမိုလှုပ်ရှားလာနိုင်ပြီဆိုပါက -
တပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် အသင့်အတင့်ရှိသော လှုပ်ရှားမှု (ဥပမာ- လမ်းသွက်သွက် လျှောက်ခြင်း) ကို ပြုလုပ်ပါ။
တပတ်လျှင် နှစ်ရက်ခန့် အပေါ့စား အလေးမခြင်း သို့မဟုတ် အကြောဆွဲကြိုးများ သုံး၍ ကြွက်သားသန်မာစေသော လှုပ်ရှားမှုများ ပြုလုပ်ပါ။
အရေးကြီးဆုံးမှာ မိမိနှစ်သက်သော လေ့ကျင့်ခန်းကို ရှာဖွေရန် ဖြစ်ပါသည်။ သွေးတွင်းသကြားဓာတ်သာမက မိမိဘဝကိုပါ တိုးတက်စေမည့် အလေ့အထ တခု ဖြစ်အောင် ဖန်တီးပါ။ အခြားသူများနှင့်အတူ လုပ်ဆောင်ခြင်း သို့မဟုတ် အဖော်နှင့်အတူ လုပ်ဆောင်ခြင်းကလည်း ပိုမိုတက်ကြွစေနိုင်ပါသည်။
စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း
စိတ်ဖိစီးမှု မြင့်မားခြင်းက သွေးတွင်းသကြားဓာတ်ကို တက်စေနိုင်သည်ကို သင်သိချင်မှ သိပါလိမ့်မည်။ စိတ်ဖိစီးမှုကို ခန္ဓာကိုယ်က တုံ့ပြန်ရာတွင် ကော်တီဇော (Cortisol) နှင့် အက်ဒရီနယ်လင် (Adrenalin) ဟော်မုန်းများကို ထုတ်လွှတ်ပေးပြီး ၎င်းတို့က သွေးတွင်းသကြားဓာတ်နှင့် သွေးဖိအားကို မြင့်တက်စေပါသည်။
စိတ်ဖိစီးမှု များလေလေ ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထများဖြင့် ဖြေဖျောက်မိလေလေ ဖြစ်တတ်ပြီး ၎င်းက ဆီးချိုထိန်းချုပ်မှုကို ပျက်စီးစေနိုင်ပါသည်။ နေ့စဉ်ဘဝတွင် စိတ်ဖိစီးမှု လျှော့ချသော အလေ့အကျင့်များ ထည့်သွင်းခြင်းက သင့်ကို များစွာ အထောက်အကူပြုပါလိမ့်မည်။
အောက်ပါ နည်းဗျူဟာများက အသုံးဝင်ပါသည် -
လမ်းလျှောက်ခြင်း သို့မဟုတ် အကြောလျှော့ခြင်း။
ဝတ်ပြုဆုတောင်းခြင်း သို့မဟုတ် တရားမှတ်ခြင်း။
မိသားစု၊ သူငယ်ချင်းများနှင့် စကားပြောဆိုခြင်း။
ဖြစ်နိုင်ပါက အိပ်စက်ချိန် ၇ နာရီမှ ၉ နာရီအထိ ရရှိစေခြင်း။
ဒိုင်ယာရီရေးခြင်း သို့မဟုတ် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အမျိုးအစား (၂) ဆီးချိုရောဂါအတွက် ဆေးဝါးများ
အမျိုးအစား (၂) ဆီးချိုရှိသူ အများအပြားသည် ဆေးဝါးလိုအပ်ပါသည်။ ဆေးသောက်ရခြင်းမှာ သင်ကျရှုံးခြင်း မဟုတ်ဘဲ သင့်ခန္ဓာကိုယ်က အကူအညီပိုလိုအပ်နေခြင်းသာ ဖြစ်ပါသည်။ ဆေး တမျိုး တည်းဖြင့် ထိန်းချုပ်နိုင်သလို အချို့သူများတွင် ဆေးများကို တွဲဖက်သုံးစွဲရန် လိုအပ်နိုင်ပါသည်။
အသုံးများသော ဆေးဝါးများမှာ -
Biguanides (ဥပမာ- Metformin): အသည်းမှ သကြားထုတ်လုပ်မှုကို လျှော့ချပေးပြီး ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုအသုံးချနိုင်စေရန် ကူညီပေးပါသည်။
Sulfonylureas: ပန်ကရိယမှ အင်ဆူလင် ပိုမိုထုတ်လွှတ်စေရန် ကူညီပေးသော ဆေးလုံးများ ဖြစ်ပါသည်။
DPP-4 inhibitors: အစာစားပြီးနောက် အင်ဆူလင်ထုတ်မှုကို တိုးစေပြီး သကြားထုတ်လုပ်မှုကို လျှော့ချပေးပါသည်။
GLP-1 receptor agonists: သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးကာ အစာခြေစနစ်ကို နှေးကွေးစေပြီး အစားအသောက် စားချင်စိတ်ကို လျှော့ချပေးသောကြောင့် အစားအသောက် ထိန်းချုပ်ရန် လွယ်ကူစေပါသည်။
SGLT2 inhibitors: ကျောက်ကပ်မှတဆင့် သကြားဓာတ်များကို ဆီးနှင့်အတူ စွန့်ထုတ်ပစ်ရန် ကူညီပေးပါသည်။
အင်ဆူလင် (Insulin): အမျိုးအစား (၂) ဆီးချိုရှိသူများ၏ သုံးပုံ တပုံ ခန့်သည် သွေးတွင်းသကြားဓာတ် တည်ငြိမ်စေရန် အင်ဆူလင် ထိုးနှံခြင်းမှ အကျိုးကျေးဇူး ရရှိကြပါသည်။ ၎င်းကို ဆေးထိုးအပ် သို့မဟုတ် ဆေးထိုးကလောင် (injector pen) တို့ဖြင့် အသုံးပြုနိုင်ပါသည်။
အနာဂတ်သို့ မျှော်ကြည့်ခြင်း
သင့်ခန္ဓာကိုယ် ပြောင်းလဲလာသည်နှင့်အမျှ ဆီးချိုစီမံချက်သည်လည်း ပြောင်းလဲလာနိုင်ပါသည်။ ဆေးဝါးအသစ်များ သို့မဟုတ် နည်းဗျူဟာအသစ်များ လိုအပ်လာနိုင်ပြီး ယင်းမှာ သဘာဝအတိုင်းပင် ဖြစ်ပါသည်။ အသက်အရွယ်ရလာသည်နှင့်အမျှ ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲတတ်သဖြင့် ဆီးချိုစောင့်ရှောက်မှု အဖွဲ့နှင့် အမြဲတစေ ဆက်သွယ်မှု ရှိနေရန် အရေးကြီးပါသည်။
သင်သည် တဦးတည်း မဟုတ်ပါ။ အမေရိကန်တွင် လူပေါင်း ၃၄ သန်းကျော်သည် အမျိုးအစား (၂) ဆီးချိုရောဂါနှင့်အတူ နေထိုင်နေကြပါသည်။ ဤဘဝခရီးလမ်းတွင် သင့်ကို အားပေးကူညီနိုင်မည့် လူမှုအသိုင်းအဝိုင်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ခွန်အားယူနိုင်ပါသည်။
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment