ပဲဖြူလေး (Cannellini Bean) နှင့် ကျန်းမာရေးအကျိုးကျေးဇူးများ
ပရိုတင်း (Protein) ဓာတ် ကြွယ်ဝခြင်း
ပဲဖြူလေးသည် ပရိုတင်းဓာတ် ရရှိရာ အရင်းအမြစ်ကောင်းတခု ဖြစ်ပါသည်။ သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု၊ အာဟာရပြည့်ဝသော စားသောက်မှုပုံစံတို့နှင့် တွဲဖက်စားသုံးပါက ကြွက်သားထုကို ကျန်းမာသန်စွမ်းစေပါသည်။
အမိုင်နိုအက်ဆစ် (Amino acids): ၎င်းသည် ကြွက်သားတည်ဆောက်ခြင်း၊ အာဟာရဓာတ် သယ်ယူပို့ဆောင်ခြင်းနှင့် ဟော်မုန်းထုတ်လုပ်ခြင်းစသည့် ခန္ဓာကိုယ်လုပ်ငန်းစဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။
လိုအပ်သော ပရိုတင်းပမာဏ: ပုံမှန်အားဖြင့် ကိုယ်အလေးချိန် ၁၅၀ ပေါင် (၆၈ ကီလိုဂရမ်) ရှိသူတဦးသည် တနေ့လျှင် ပရိုတင်း ၅၄ ဂရမ်ခန့် စားသုံးရန် လိုအပ်ပါသည်။
သက်သက်လွတ်စားသူများအတွက်: အသားမစားသောသူများအတွက် ပဲမျိုးနွယ်ဝင်များသည် အဓိက ပရိုတင်းရရှိရာ အရင်းအမြစ် ဖြစ်ပါသည်။
တွဲဖက်စားသုံးရန်: ပဲဖြူလေးတမျိုးတည်းတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော အမိုင်နိုအက်ဆစ် ကိုးမျိုးစလုံး မပြည့်စုံသဖြင့် ဆန်၊ ဂျုံ၊ ပြောင်းဖူး စသည့် သီးနှံများနှင့် တွဲဖက်စားသုံးခြင်းဖြင့် လိုအပ်သော အာဟာရကို ပြည့်စုံစေနိုင်ပါသည်။
အမျှင်ဓာတ် (Fiber) ကြွယ်ဝခြင်း
ပဲဖြူလေးတွင် အမျှင်ဓာတ် အမြောက်အမြား ပါဝင်ပါသည်။
တနေ့တာလိုအပ်ချက်: အမျိုးသမီးတဦးသည် တနေ့လျှင် အမျှင်ဓာတ် ၂၅ ဂရမ်နှင့် အမျိုးသားတဦးသည် ၃၈ ဂရမ်ခန့် လိုအပ်ပါသည်။ ပဲဖြူလေး တခွက် (၁၇၀ ဂရမ်) စားသုံးရုံဖြင့် ထိုလိုအပ်ချက်၏ သုံးပုံတပုံခန့်ကို ဖြည့်ဆည်းပေးနိုင်ပါသည်။
အစာခြေစနစ်: အမျှင်ဓာတ်မြင့်မားသော အစားအစာများသည် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါသည်။
အူလမ်းကြောင်းကျန်းမာရေး: ပဲများတွင်ပါဝင်သော ဒြပ်ပေါင်းများသည် အူမကြီးအတွင်းရှိ ဆဲလ်များကို အကျိုးပြုစေပြီး ကာဗိုဟိုက်ဒရိတ်နှင့် အဆီဓာတ် ဖြိုခွဲမှုဖြစ်စဉ်များကို အထောက်အကူပြုပါသည်။
နှလုံးကျန်းမာရေး: အမျှင်ဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော ကိုလက်စထရော (LDL) ကို လျော့ကျစေသဖြင့် နှလုံးကျန်းမာရေးကို ကာကွယ်ပေးပါသည်။
ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း
ပဲဖြူလေးသည် အာဟာရဓာတ် မြင့်မားသော်လည်း ကယ်လိုရီ (Calories) ပါဝင်မှု နည်းပါးပါသည်။
ဗိုက်ပြည့်လွယ်ခြင်း: အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ် ကြွယ်ဝသဖြင့် စားသုံးပြီးနောက် ဗိုက်ပြည့်နေသည့် ခံစားချက်ကို ပိုမိုရရှိစေကာ အစားအလွန်အကျွံ စားမိခြင်းကို တားဆီးပေးပါသည်။
ဆာလောင်မှုဟော်မုန်း: ပရိုတင်းဓာတ်သည် ဆာလောင်မှုကို ဖြစ်စေသော ဟော်မုန်းပမာဏကို လျော့ကျစေသဖြင့် ရေရှည်တွင် ကယ်လိုရီ စားသုံးမှုကို သဘာဝအတိုင်း လျော့နည်းသွားစေနိုင်ပါသည်။
သုတေသနတွေ့ရှိချက်: ပဲမျိုးစုံကို ပုံမှန်စားသုံးသူများသည် အခြားသူများထက် အဝလွန်နိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုမိုနည်းပါးပြီး ဝမ်းဗိုက်တွင် အဆီပိုစုနိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း တွေ့ရှိရပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment