Salmon fish heads ဆယ်လ်မွန်ငါးခေါင်း စားသုံးခြင်းနှင့် အာဟာရတန်ဖိုး
ဆယ်လ်မွန်ငါးခေါင်းများသည် စားသုံး၍ရရုံတင်မကဘဲ အာဟာရဓာတ် အလွန်ကြွယ်ဝပြီး ယဉ်ကျေးမှုအမျိုးမျိုးတွင် ထူးခြားသော ဟင်းလျာ တမျိုး အဖြစ် သတ်မှတ်ကြပါသည်။ ၎င်းတို့တွင် အိုမီဂါ-သရီး (Omega-3) အဆီအက်စစ်များ၊ ပရိုတင်းနှင့် ကော်လာဂျင် (Collagen) များစွာ ပါဝင်ပါသည်။ ငါးခေါင်း၏ ပါးပြင်သားနှင့် လည်ပင်းသား (Collar) တို့မှာ အလွန်အရသာရှိပြီး ပေါင်းခြင်း၊ ကင်ခြင်း သို့မဟုတ် စွပ်ပြုတ်ချက်ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ပြင်ဆင်နိုင်ပါသည်။
ဆယ်လ်မွန်ငါးခေါင်းနှင့် ပတ်သက်သော အချက်အလက်များ -
အကောင်းဆုံး အစိတ်အပိုင်းများ - ပါးပြင်သားမှာ အလွန်နူးညံ့ပြီး လည်ပင်းတဝိုက်ရှိ အသားများမှာ အဆီဓာတ်ကြွယ်ဝကာ အရသာရှိပါသည်။ ငါးမျက်စိတဝိုက်ရှိ ဂျယ်လီကဲ့သို့ အသားများကိုလည်း လူအများအပြား နှစ်သက်စွာ စားသုံးကြပါသည်။
ပြင်ဆင်ပုံ - မချက်ပြုတ်မီ ငါးပါးဟက်များကို ဖယ်ထုတ်ပြီး စင်ကြယ်အောင် ဆေးကြောရန် အကြံပြုလိုပါသည်။ ရေနွေးပူပူဖြင့် ခဏစိမ်ပေးခြင်း (Blanching) က ငါးညှိနံ့နှင့် အကြေးခွံများကို ဖယ်ရှားရာတွင် အထောက်အကူပြုပါသည်။
ချက်ပြုတ်နည်းများ - ပေါင်းခြင်း၊ ဖုတ်ခြင်း၊ ကင်ခြင်း သို့မဟုတ် ကာရီ (Curry) နှင့် စွပ်ပြုတ်များတွင် ထည့်သွင်းချက်ပြုတ်ခြင်းတို့မှာ လူကြိုက်များသော နည်းလမ်းများ ဖြစ်ပါသည်။
ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှု - အာရှအစားအစာများ (ဥပမာ- ကန်တုံ၊ ဂျပန်) တွင် အသုံးများပြီး ငါး တကောင် လုံးကို အလေအလွင့်မရှိ အကျိုးရှိစွာ စားသုံးသည့် အာဟာရပြည့်ဝသော နည်းလမ်း တခု ဖြစ်ပါသည်။
ဆယ်လ်မွန်ငါးခေါင်းသည် အာဟာရဓာတ် အလွန်သိပ်သည်းသော အစားအစာဖြစ်ပြီး ကော်လာဂျင်၊ အိုမီဂါ-သရီး အဆီအက်စစ် (EPA/DHA) နှင့် ကယ်လ်စီယမ်၊ သံဓာတ်၊ ဇင့် (သွပ်ဓာတ်) စသည့် မရှိမဖြစ် သတ္တုဓာတ်များစွာ ပါဝင်ပါသည်။ အမျိုးသမီးများအတွက် အသားအရေ စိုပြေဝင်းပစေခြင်း၊ အဆစ်အမြစ် ကျန်းမာစေခြင်းနှင့် ဟော်မုန်းဓာတ်ကို ထိန်းညှိပေးခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကိုလည်း လျှော့ချပေးနိုင်ပါသည်။ ဆယ်လ်မွန်ငါးခေါင်းကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးနှင့် ဦးနှောက်လုပ်ဆောင်ချက်များကိုလည်း အထောက်အကူပြုစေပါသည်။
အမျိုးသမီးများအတွက် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ -
အသားအရေနှင့် အဆစ်အမြစ် ကျန်းမာရေး (ကော်လာဂျင်): ဆယ်လ်မွန်ငါးခေါင်းသည် ကော်လာဂျင် ကြွယ်ဝသော အရင်းအမြစ် တခု ဖြစ်ပြီး (ငါးအသားထက် ၅ ဆခန့် ပိုများပါသည်)။ ယင်းက အသားအရေ တင်းရင်းစိုပြေစေခြင်းနှင့် အရေပြား ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်ပါသည်။
အရိုးကျန်းမာရေး: အရိုးသိပ်သည်းဆ ကောင်းမွန်စေရန်နှင့် အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် လိုအပ်သော ကယ်လ်စီယမ်ဓာတ်မှာ ငါးအသားထက် အဆ ၂၀ ခန့်အထိ ပိုမိုပါဝင်ပါသည်။
ဦးနှောက်နှင့် အမြင်အာရုံ (အိုမီဂါ-သရီး): ပါဝင်သော EPA နှင့် DHA အဆီဓာတ်များသည် မှတ်ဉာဏ်စွမ်းရည်၊ စိတ်ကျန်းမာရေးနှင့် အမြင်အာရုံတို့ကို ကောင်းမွန်စေရန် အထူးအရေးကြီးပါသည်။
ကိုယ်ခံအားနှင့် သိုင်းရွိုက် (Thyroid) ဂလင်း: ဆယ်လ်မွန်ငါးခေါင်းတွင် ပါဝင်သော ဆီလီနီယမ် (Selenium) နှင့် ဇင့်ဓာတ်များသည် သိုင်းရွိုက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါသည်။
သံဓာတ်နှင့် ပရိုတင်း: ငါးအသားထက် သံဓာတ် နှစ်ဆပိုမို ပါဝင်သဖြင့် သံဓာတ်ချို့တဲ့မှုကို ကာကွယ်ရန် အထောက်အကူပြုပါသည်။
ကိုယ်အလေးချိန် ထိန်းညှိခြင်း: အဆီနည်းသော ပရိုတင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အဆီများက ဗိုက်ပြည့်မှုကို ကြာရှည်စေပြီး ဇီဝကမ္မဖြစ်စဉ်ကို အားပေးပါသည်။
အကြံပြုချက် -
သဘာဝအတိုင်း ဖမ်းယူရရှိသော (Wild-caught) ဆယ်လ်မွန်ငါးများမှာ အာဟာရဓာတ် ပိုမိုသိပ်သည်းလေ့ ရှိပါသည်။
စပါးလင်၊ ဂျင်းတို့ဖြင့် ချက်ထားသော ဆယ်လ်မွန်ငါးခေါင်းဟင်းရည်
စပါးလင်၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးတို့ကို ဆီသတ်၍ ဟင်းရည်အနှစ်ကို ပြင်ဆင်ရပါသည်။ ဟင်းကျက်ခါနီးတွင် သံပရာရည်ကို ထည့်သွင်းရပါသည်။
ဆယ်လ်မွန်ငါးအသားမှာ တသားတည်းဖြစ်သော အရသာကိုသာ ပေးစွမ်းနိုင်သော်လည်း ငါးခေါင်းမှာမူ ထိုထက်ပိုသော အရသာကို ပေးနိုင်ပါသည်။ ငါးပါးစပ်တဝိုက်ရှိ အဆီဓာတ်ကြွယ်ဝသော အရေပြားနှင့် အသားများမှာ ဂျယ်လီကဲ့သို့ နူးညံ့ပါသည်။ ငါးမျက်စိများမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ ငါးခေါင်း၏ ဘေးတဖက်တချက်ရှိ အရိုးပြားများအောက်မှ "ပါးပြင်သား" များမှာလည်း စိုပြည်၍ စေးပိုင်သော အရသာ ရှိပါသည်။
ဆယ်လ်မွန်ငါးခေါင်း ဝယ်ယူရန် အကြံပြုချက်
ငါးခေါင်းကို ဝယ်ယူသည့်အခါ "S-cut" (အဖြောင့်ဖြတ်) နှင့် "V-cut" (အချွန်ဖြတ်) ဟူ၍ ရှိပါသည်။
S-cut: ငါးခေါင်းကို မျဉ်းဖြောင့်အတိုင်း တိတိရိရိ ဖြတ်ထားခြင်း ဖြစ်သဖြင့် ငါး၏ ကျောကုန်းနှင့် ဝမ်းဗိုက်သား အစိတ်အပိုင်း အတော်များများ ငါးခေါင်းနှင့်အတူ ပါလာပါသည်။ စားသုံးရန် အသားပိုများသဖြင့် ဈေးနှုန်း အနည်းငယ် ပိုပေးရသော်လည်း ဟင်းအဖြစ် တည်ခင်းရန် ပိုမိုသင့်တော်ပါသည်။
V-cut: ငါးခေါင်းကိုသာ သီးသန့် ချွန်ထုတ်ထားခြင်း ဖြစ်သဖြင့် ကျောသားနှင့် ဝမ်းဗိုက်သားများ မပါဝင်ပါ။ ဈေးသက်သာသော်လည်း စားသုံးရန် အသားနည်းပါးပါသည်။ ဟင်းရည်ချိုရုံအတွက်ဆိုလျှင်မူ ဤအမျိုးအစားက လုံလောက်ပါသည်။
ပါဝင်ပစ္စည်းများ
ဆီ - ၃ ဇွန်း (စားပွဲတင်ဇွန်း)
ဂျင်း - ၂ လက်မခန့် (အခွံနွှာ၍ ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ - ၄ တက် (ဓားပြားရိုက်၍ နုပ်နုပ်စဉ်းပါ)
ကြက်သွန်မြိတ် (အဖြူပိုင်း) - ခွက်တခွက်၏ ၄ ပုံ ၁ ပုံ (ပါးပါးလှီးပါ)
စပါးလင် (အောက်ပိုင်းအနု) - ၃ မှ ၄ ပင် (ပါးပါးလှီးပါ)
ခရမ်းချဉ်သီး - ၄ လုံး (အတုံးလေးများ တုံးပါ)
ငံပြာရည်နှင့် ငရုတ်ကောင်းမှုန့်
ဆယ်လ်မွန်ငါးခေါင်း - ၁ ကီလိုဂရမ် (၈ ပိုင်းခန့် ပိုင်းထားပါ)
ခရမ်းသီး - ၂ လုံး (အတုံးလေးများ တုံးပါ)
သံပရာရည် - ၂ မှ ၄ ဇွန်း (စားပွဲတင်ဇွန်း)
ကြက်သွန်မြိတ် (အစိမ်းပိုင်း) - ခွက်တခွက်၏ ၃ ပုံ ၁ ပုံ
နံနံပင် (အုပ်ရန်)
ချက်ပြုတ်နည်း အညွှန်း
၁။ အိုးထဲတွင် ဆီကို ပူအောင် တည်ပါ။
၂။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် (အဖြူပိုင်း)၊ စပါးလင်နှင့် ခရမ်းချဉ်သီးတို့ကို ငံပြာရည် ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြင့် ဆီသတ်ပါ။
၃။ ရေ ၆ ခွက်ခန့် ထည့်ပြီး ဆူအောင် တည်ပါ။
၄။ ရေဆူလာလျှင် ငါးခေါင်းနှင့် ခရမ်းသီးများကို ထည့်ပါ။ ရေတဖန်ပြန်ဆူအောင် စောင့်ပါ။
၅။ မီးအပူရှိန်ကို လျှော့၍ အိုးဖုံးအုပ်ကာ ငါးနှင့် ဟင်းသီးဟင်းရွက်များ နူးစေရန် ၁၀ မိနစ်ခန့် တည်ထားပါ။
၆။ ဟင်းရည်ကို မြည်းကြည့်၍ လိုအပ်ပါက ငံပြာရည် ထပ်ထည့်ပါ။
၇။ မီးပိတ်ပြီးနောက် သံပရာရည်ကို မွှေထည့်ပါ။
၈။ ကြက်သွန်မြိတ် အစိမ်းပိုင်းနှင့် နံနံပင် အုပ်၍ သုံးဆောင်နိုင်ပါပြီ။
Salmon ဆဲလ်မွန် ဟာ အသံထွက်မှန် မဟုတ်ပေမဲ့ မြန်မာလူမျိုးတွေ ခေါ်ကြသလိုသာ ရေးလိုက်ပါတယ်။
အင်္ဂလိပ်အသံထွက်မှာ "L" သံကို ဖျောက်ပြီး /တမ်းမန်/ (Sam-un) လို့ ထွက်ရပေမဲ့ မြန်မာပြည်မှာတော့ စာလုံးပေါင်းအတိုင်း "ဆဲလ်မွန်" လို့ပဲ အပြောများ အသိများကြပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment