HbA1c Test စစ်ဆေးခြင်း
A1C စစ်ဆေးမှု ရလဒ်သည် လွန်ခဲ့သော ၂ လမှ ၃ လတာကာလအတွင်း ရှိခဲ့သည့် ပျမ်းမျှ သွေးတွင်းသကြားဓာတ်ပမာဏကို ပြသပေးသည်။ ဤစစ်ဆေးမှုသည် သွေးထဲရှိ ဟေမိုဂလိုဘင် (Hemoglobin) ဆဲလ်များ၏ မည်မျှသော ရာခိုင်နှုန်းပေါ်တွင် သကြားဓာတ်များ ဖုံးလွှမ်းငြိကပ်နေသနည်း (ယင်းကို Glycated ဟုလည်း ခေါ်သည်) ဆိုသည်ကို တိုင်းတာခြင်း ဖြစ်သည်။
A1C ပမာဏ ပိုမိုမြင့်မားလေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်မှု ပိုမိုအားနည်းလေ ဖြစ်သည်။ ထို့ပြင် ဆီးချိုရောဂါနှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာမည် ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ဤစစ်ဆေးမှုကို ပြုလုပ်ရသနည်း
(Why it's done)
A1C စစ်ဆေးမှုရလဒ်သည် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များ (ဆရာဝန်များ) အတွက် အောက်ပါကိစ္စရပ်များတွင် အထောက်အကူပြုနိုင်ပါသည်–
• ဆီးချိုအကြိုအဆင့် (Prediabetes) ကို ရောဂါရှာဖွေ သတ်မှတ်ရန်– အကယ်၍ သင့်တွင် ဆီးချိုအကြိုအဆင့် ရှိနေပါက နောင်တွင် ဆီးချိုရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ (Cardiovascular disease) ဖြစ်ပွားရန် အန္တရာယ် ပိုမိုမြင့်မားသည်။
• ဆီးချိုရောဂါ (Diabetes) ရှိမရှိ ရောဂါရှာဖွေ သတ်မှတ်ရန်– ဆီးချိုရောဂါ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် သင့်ဆရာဝန်သည် သွေးစစ်ချက်ရလဒ် နှစ်ခုကို ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ယင်းတို့မှာ (က) A1C စစ်ဆေးချက် နှစ်ခု ဖြစ်စေနိုင်သလို၊ (ခ) A1C စစ်ဆေးချက် တခုနှင့်အတူ အစာငတ်ခံ သွေးသကြားဓာတ်စစ်ဆေးခြင်း (Fasting blood sugar test / Blood glucose test) ကဲ့သို့သော အခြားသွေးစစ်ချက်တခု ပေါင်းစပ်ခြင်းလည်း ဖြစ်နိုင်သည်။
• သင်၏ ဆီးချိုရောဂါ ကုသမှုအစီအစဉ်ကို ဆန်းစစ်ရန်– ပထမဆုံးအကြိမ် စစ်ဆေးလိုက်သော A1C ရလဒ်သည် သင့်ရောဂါ၏ အစပျိုးပမာဏ (Starting level) ကို သိရှိစေသည်။ ၎င်းရလဒ်ကို နောင်တွင် ထပ်မံစစ်ဆေးမည့် A1C ရလဒ်များနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သင်၏ ဆီးချိုကုသမှုစနစ်သည် မည်မျှထိရောက်မှု ရှိမရှိကို သိရှိနိုင်သည်။
ဤစစ်ဆေးမှုကို မည်မျှတကြိမ် ပြုလုပ်ရန် လိုအပ်သနည်း
(How often you need it)
A1C စစ်ဆေးမှုကို မည်မျှအကြိမ်ရေ ပြုလုပ်ရမည်ဆိုသည်မှာ ဆီးချိုရောဂါအမျိုးအစား၊ ကုသမှုပုံစံ၊ ကုသမှုရည်မှန်းချက်နှင့် သင့်ဆရာဝန်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သည်။ ဥပမာအားဖြင့် အောက်ပါအတိုင်း စစ်ဆေးနိုင်ပါသည်–
• သင့်တွင် ဆီးချိုအကြိုအဆင့် (Prediabetes) ရှိပါက တနှစ်လျှင် တကြိမ်။
• သင့်အနေဖြင့် အင်ဆူလင် (Insulin) ထိုးရန်မလိုဘဲ သွေးတွင်းသကြားဓာတ်မှာလည်း သတ်မှတ်ထားသော ဘောင်အတွင်း ပုံမှန်တည်ငြိမ်နေပါက တနှစ်လျှင် နှစ်ကြိမ်။
သို့သော် သင်သည် အင်ဆူလင် အသုံးပြုနေရသူဖြစ်စေ၊ သို့မဟုတ် သွေးတွင်းသကြားဓာတ်ကို သတ်မှတ်ဘောင်အတွင်း ရောက်အောင် ထိန်းညှိရန် ခက်ခဲနေသူဖြစ်စေ ပါက A1C ကို ယခုထက် ပိုမို စိပ်စိပ်စစ်ဆေးရန် လိုအပ်နိုင်သည်။ ထို့ပြင် သင့်ဆရာဝန်က ကုသမှုအစီအစဉ်ကို ပြောင်းလဲလိုက်ချိန် သို့မဟုတ် ဆီးချိုဆေးအသစ်တမျိုး စတင်သောက်သုံးချိန်မျိုးတွင်လည်း A1C ကို ထပ်မံစစ်ဆေးရတတ်ပါသည်။
A1C စစ်ဆေးခြင်းကို ဆရာဝန်ဆေးခန်း သို့မဟုတ် ဓာတ်ခွဲခန်း (Lab) တွင် ပြုလုပ်ပါသည်။ လက်ချောင်း သို့မဟုတ် လက်မောင်းမှ သွေးနမူနာကို ရယူစစ်ဆေးမည် ဖြစ်သည်။ A1C စစ်ဆေးမှု မပြုလုပ်မီ အစာငတ်ခံရန် (Fasting လုပ်ရန်) မလိုအပ်ပါ။ သို့သော် သင့်ဆရာဝန်က ၎င်းနှင့်အတူ တချိန်တည်းတွင် အစာငတ်ခံရန် လိုအပ်သော ကိုလက်စထရော (Cholesterol) စစ်ဆေးခြင်းကဲ့သို့သော အခြားစစ်ဆေးမှုများကိုပါ ပူးတွဲလုပ်ဆောင်နိုင်ပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment