NHS ၏ ကင်ဆာကာကွယ်ဆေးထိုးဆေးသစ်ကြောင့် လူနာများ ဆေးရုံတွင် အချိန်ကုန်သက်သာမည်
ယူကေနိုင်ငံ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) သည် အရေးပါသော ကင်ဆာကုသဆေးတမျိုးကို ဆေးရုံတွင် အချိန်အကြာကြီး ပုလင်းချိတ်သွင်းရမည့်အစား မိနစ်ပိုင်းမျှသာ ကြာမြင့်မည့် “ထိုးဆေးပုံစံသစ်” ဖြင့် ပြောင်းလဲအသုံးပြုတော့မည်ဖြစ်ရာ ထောင်ပေါင်းများစွာသော ကင်ဆာလူနာများ ဆေးရုံတွင် အချိန်ကုန်သက်သာစေတော့မည် ဖြစ်သည်။
၁။ ကင်ဆာဆေးသစ် (Keytruda) အကြောင်း
ယခု ထိုးဆေးအဖြစ် ပြောင်းလဲလိုက်သည့်ဆေးမှာ ကမ္ဘာပေါ်တွင် အရောင်းရဆုံး ကင်ဆာဆေးတမျိုးဖြစ်သော Keytruda (ခေါ်) Pembrolizumab ဖြစ်သည်။
၎င်းသည် ကိုယ်ခံအားစနစ်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို တိုက်ဖျက်စေသည့် အင်မြူနိုသာရပီ (Immunotherapy) ဆေးအမျိုးအစား ဖြစ်သည်။
၂၀၁၅ ခုနှစ်ကတည်းက NHS လူနာများသည် ဤဆေးကို သွေးကြောထဲသို့ ဆေးပုလင်းချိတ် (အကြောဆေးသွင်း) သည့်စနစ်ဖြင့် ရရှိခဲ့ကြပြီး ဆေးသွင်းရန် တနာရီကျော် ကြာမြင့်ခဲ့သည်။
ယခု ဆေးထိုးစနစ်အသစ်တွင်မူ လူနာ၏ ကင်ဆာအခြေအနေပေါ်မူတည်၍ ၃ ပတ်လျှင် တကြိမ် (၁ မိနစ်ခန့် ထိုးရုံဖြင့်) သို့မဟုတ် ၆ ပတ်လျှင် တကြိမ် (၂ မိနစ်ခန့် ထိုးရုံဖြင့်) ပြောင်းလဲကုသပေးနိုင်မည် ဖြစ်သည်။
၂။ ရရှိမည့် အကျိုးကျေးဇူးများနှင့် အသုံးဝင်မှု
အင်္ဂလန်နိုင်ငံတွင် နှစ်စဉ် ကင်ဆာလူနာ ၁၄,၀၀၀ ခန့်သည် Keytruda ဆေးဖြင့် စတင်ကုသမှုခံယူနေကြပြီး ၎င်းတို့အနက် အများစုကို ယခု ဆေးထိုးစနစ်အသစ်သို့ ပြောင်းလဲပေးမည် ဖြစ်သည်။
ဤဆေးသည် ယူကေတွင် အဆုတ်ကင်ဆာ၊ ဦးခေါင်းနှင့် လည်ပင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား ၁၄ မျိုးကို ကုသရာတွင် အသုံးပြုနိုင်သည်။
ဆေးရုံများတွင် ဆေးဖော်စပ်ရသည့် လုပ်ငန်းစဉ်နှင့် ဆေးသွင်းချိန်များကို လျှော့ချပေးနိုင်သဖြင့် လူနာများ စောင့်ဆိုင်းရချိန် သက်သာမည့်အပြင် ဆေးရုံဝန်ထမ်းများ၏ လုပ်ငန်းဝန်ထုပ်ဝန်ပိုးကိုလည်း လျော့ကျစေမည်။
၃။ အင်မြူနိုသာရပီ (Immunotherapy) ဆိုသည်မှာ အဘယ်နည်း
ကင်ဆာဆဲလ်အချို့သည် ခန္ဓာကိုယ်ရှိ ခုခံအားဆဲလ်များ၏ တိုက်ခိုက်မှုကို မခံရစေရန် မိမိကိုယ်ကို ဖုံးကွယ်ထားတတ်ကြသည်။
ဤဆေးကဲ့သို့သော Checkpoint Inhibitors များသည် ကင်ဆာဆဲလ်များ၏ ထိုသို့ ဖုံးကွယ်ထားမှုကို ပိတ်ဆို့ဖျက်ဆီးပစ်လိုက်သဖြင့် ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်များကို အလွယ်တကူ ရှာဖွေချေမှုန်းနိုင်သွားသည်။
ဤကဲ့သို့သော ရှာဖွေတွေ့ရှိမှုကြောင့် သိပ္ပံပညာရှင် နှစ်ဦးဖြစ်သည့် ဂျိမ်းစ် အယ်လစ်ဆင် (James Allison) နှင့် တာဆုကု ဟွန်ဂျို (Tasuku Honjo) တို့သည် ၂၀၁၈ ခုနှစ်တွင် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့ကြသည်။
၄။ ဈေးကွက်နှင့် မူပိုင်ခွင့် ဆွေးနွေးချက်များ
Keytruda ဆေးသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာတဝန်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံဖိုးအထိ ရောင်းချခဲ့ရသည်။
ယခုဆေးထိုးစနစ်သစ်အတွက် NHS က အမေရိကန်ဆေးကုမ္ပဏီ Merck Sharp & Dohme (MSD) ထံ ပေးချေရမည့် လျှို့ဝှက်သဘောတူညီချက် ဈေးနှုန်းမှာ အကြောဆေးသွင်းစနစ်ဟောင်းနှင့် အတူတူနီးပါး ဖြစ်လိမ့်မည်ဟု သိရသည်။
မူရင်းဆေး၏ မူပိုင်ခွင့် (Patents) များသည် အမေရိကန်တွင် ၂၀၂၈ ခုနှစ်နှင့် ဥရောပတွင် ၂၀၃၁ ခုနှစ်တို့၌ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ အခြားပြိုင်ဖက်ကုမ္ပဏီများက ဈေးသက်သာသော အလားတူဆေးများ ထုတ်လုပ်လာနိုင်ခြေ ရှိသည်။
ထို့ကြောင့် ဝေဖန်သူအချို့က ဆေးကုမ္ပဏီအနေဖြင့် မူပိုင်ခွင့် သက်တမ်းတိုးရန်နှင့် ပြိုင်ဆိုင်မှုများမှ ကာကွယ်ရန် ယခုကဲ့သို့ ဆေးထိုးစနစ်သစ်ကို ပြောင်းလဲမိတ်ဆက်ခြင်းဖြစ်နိုင်ကြောင်း စွပ်စွဲမှုများ ရှိနေသော်လည်း၊ ဆေးကုမ္ပဏီဘက်ကမူ ဤဆေးထိုးစနစ်သည် ဆေးရုံများအတွက် လက်တွေ့ကျကျ အချိန်ကုန်သက်သာစေမည့် အကျိုးကျေးဇူးများစွာ ရှိကြောင်း တုံ့ပြန်ထားသည်။
NHS England သည် အင်္ဂလန်နိုင်ငံ၏ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (National Health Service) ကို ဦးဆောင်ကွပ်ကဲသော အဖွဲ့အစည်း ဖြစ်သည်။ NHS England သည် ဗဟိုအစိုးရဌာနတခုအောက်တွင် တိုက်ရိုက်ဖွဲ့စည်းထားခြင်းမဟုတ်သော အမှုဆောင်အများပိုင်အဖွဲ့အစည်း (Executive non-departmental public body) တခုဖြစ်ပြီး၊ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေးဝန်ကြီးဌာန (Department of Health and Social Care) ၏ ပံ့ပိုးကူညီမှုဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment