အသက် ၂၀၊ ၃၀ နှင့် ယင်းထက်အရွယ်များ၌ အတွေ့ရအများဆုံး ကျန်းမာရေး ပြဿနာများ

(၁)

အသက်အရွယ် ရလာသည်နှင့်အမျှ အချို့သော ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာပါသည်။

အမျိုးသမီးအများစုသည် အသက်အရွယ် ကြီးရင့်လာသည်ကို မလိုလားကြသော်လည်း ခေတ်မီဆေးပညာ၏ ကျေးဇူးကြောင့် အသက်အရွယ်နှင့်အတူ ပါလာတတ်သည့် အတွေ့ရများသော ကျန်းမာရေး ပြဿနာများအတွက် အနည်းဆုံး ကြိုတင်ပြင်ဆင်ထားနိုင်ကြပါသည်။ လူကြီး ၁၀ ဦးတွင် ၆ ဦး၌ နာတာရှည်ရောဂါ တခုခု ရှိနေပြီး ယင်းတို့အနက် အများအပြားမှာ မသင့်တော်သော အစားအသောက်၊ ဆေးလိပ်သောက်သုံးခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်းစသည့် လူနေမှုဘဝ စရိတ္တအလေ့အထများကြောင့် ဖြစ်ရခြင်း ဖြစ်ပါသည်။

အသက်အရွယ် ရလာသည်နှင့်အမျှ နာတာရှည်ရောဂါများနှင့် အခြားကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေလည်း ပိုမိုမြင့်မားလာပြီး ထိုပြဿနာများသည် အမျိုးသမီးတဦးနှင့်တဦး ကွဲပြားခြားနားနိုင်ပါသည်။ ဥပမာအားဖြင့် အချို့အမျိုးသမီးများတွင် သားသမီး ရရှိထားခြင်း သို့မဟုတ် ရင်သားကင်ဆာ ဖြစ်ပွားနိုင်သည့် မျိုးရိုးဗီဇဆိုင်ရာ စွန့်စားရမှု ပိုမိုမြင့်မားခြင်း စသည်တို့ ရှိနိုင်ပါသည်။ ကျန်းမာရေး ပြဿနာများကို ကာကွယ်ရန်၊ သတိပြုမိရန်နှင့် ကုသရန်အတွက် အသိပညာ ဗဟုသုတ ရှိထားခြင်းသည် ပထမဆုံး ခြေလှမ်းဖြစ်ပါသဖြင့် အမျိုးသမီးများ အသက်အရွယ် ရလာသည်နှင့်အမျှ ကြုံတွေ့ရလေ့ရှိသည့် အတွေ့ရအများဆုံး ကျန်းမာရေး ပြဿနာအချို့ကို ဖော်ပြပေးလိုက်ပါသည်။

အသက် ၂၀ ကျော် အရွယ်များ၌ ကြိုတင်ကာကွယ်မှုများကို တက်ကြွစွာ ဆောင်ရွက်ရန် လိုအပ်ပါသည်။

လူအများစုအတွက် အသက် ၂၀ ကျော် အရွယ်များသည် ကျန်းမာရေး ပြဿနာ အနည်းဆုံး ကြုံတွေ့ရသည့် အချိန်ဖြစ်သော်လည်း မိမိကိုယ်ကို ကျန်းမာအောင် တက်ကြွစွာ ဂရုစိုက်ရမည် ဖြစ်ပါသည်။ အသက် ၂၀ ကျော် အမျိုးသမီးများ ကြုံတွေ့ရနိုင်သည့် အတွေ့ရအများဆုံး ကျန်းမာရေး ပြဿနာအချို့မှာ - လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများနှင့် ကူးစက်ပိုးများ၊ ဆီးချိုရောဂါ၊ မယ်လနိုးမား (အရေပြားကင်ဆာ)၊ စိတ်ကျရောဂါနှင့် အသည်းရောဂါတို့ ဖြစ်ကြသော်လည်း ယင်းတို့အားလုံးမှာ ကြိုတင်ကာကွယ်နိုင်သော ရောဂါများ ဖြစ်ကြပါသည်။

အသက် ၂၅ နှစ်မတိုင်မီ လိင်မှတဆင့် ကူးစက်တတ်သော ပိုးတမျိုးမျိုး ကူးစက်ခံရလေ့ ရှိပါသည်။ 

အသက် ၂၀ မှ ၂၉ နှစ်အတွင်းရှိ လူကြီး ၄၁.၃ ရာခိုင်နှုန်းတွင် ရေယုံဗိုင်းရပ်စ် (Herpes simplex virus 1) ရှိနေပါသည်။ ထို့ကြောင့် ဘေးကင်းသော လိင်ဆက်ဆံမှုကို ကျင့်သုံးခြင်းနှင့် သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း (Pap smear) များကို ပုံမှန်ပြုလုပ်ခြင်းဖြင့် မိမိ၏ လိင်ကျန်းမာရေးကို ဂရုစိုက်ရန် အရေးကြီးပါသည်။ အမျိုးသမီးငယ်များသည် အသက် ၂၁ နှစ်မှစ၍ သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်းကို ပုံမှန်စတင်ခံယူသင့်ပြီး ၃ နှစ်လျှင် တကြိမ် စစ်ဆေးသင့်သည်ဟု ဆိုပါသည်။ 

အသက် ၂၅ နှစ်အောက် အမျိုးသမီးများသည် ဂနိုရီးယား (ဆီးပူညှင်းရောဂါ) နှင့် ကလမိုင်းဒီယား ပိုးစစ်ဆေးခြင်းများကိုလည်း နှစ်စဉ် ခံယူသင့်ပါသည်။

အသက် ၂၀ ကျော် အရွယ်များသည် လေ့ကျင့်ခန်း မလုပ်ခြင်း သို့မဟုတ် မျှတမှုမရှိသော အာဟာရ သုံးဆောင်ခြင်းတို့ကြောင့် ဖြစ်ပွားသည့် ဆီးချိုရောဂါ သို့မဟုတ် အလားတူ နာတာရှည် ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်ဟု သိရပါသည်။ 

အသက် ၂၀ ကျော် အမျိုးသမီးများသည် အရေပြားကင်ဆာ ပုံစံတမျိုးဖြစ်သည့် မယ်လနိုးမား ဖြစ်ပွားနိုင်ခြေလည်း ရှိသဖြင့် အပြင်ထွက်သည့် အခါတိုင်း နေလောင်ကာခရမ် သုံးစွဲသင့်ပါသည်။ ထို့အပြင် စိုးရိမ်လွန်ကဲခြင်းနှင့် စိတ်ကျရောဂါတို့သည်လည်း လူငယ်များအကြား အတွေ့ရအများဆုံး စိတ်ကျန်းမာရေး အခြေအနေများ ဖြစ်ကြပါသည်။

(၂)

အသက် ၃၀ ကျော် အရွယ်များ၌ သားဖွားခြင်းကြောင့် ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ပါသည်။

အမျိုးသမီးများ အသက် ၂၀ ကျော် အရွယ်၌ ဖြစ်ပွားနိုင်ခြေရှိသော ကျန်းမာရေး အခြေအနေ အများအပြားသည် အသက် ၃၀ ကျော် အရွယ်များတွင်လည်း ပြဿနာ ဖြစ်လာနိုင်ပြီး ယင်းတို့မှာ သားဖွားခြင်း ကြောင့်လည်း မကြာခဏ ဖြစ်ပွားတတ်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် အခြားသော ပြဿနာများအပြင် သွေးအားနည်းရောဂါ (သံဓာတ်ချို့တဲ့ခြင်း)၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် စိုးရိမ်လွန်ကဲခြင်းတို့ကို ခံစားရနိုင်ပါသည်။ အမျိုးသမီးများ ကျန်းမာရေးဆိုင်ရာ အမျိုးသား သတင်းအချက်အလက် စတာ၏ အဆိုအရ အသက် ၃၀ ကျော်တွင် ကိုယ်ဝန်ယူလိုသော အမျိုးသမီးများသည် သားသမီး ရရှိရန် ခက်ခဲခြင်း (မြုံခြင်း) ကို ပိုမို ကြုံတွေ့ရနိုင်ပြီး၊ ကိုယ်ဝန်ရရှိပါကလည်း ကိုယ်ဝန်ပျက်ကျခြင်းနှင့် အခြား ကိုယ်ဝန်ဆောင်ဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။

မည်သည့် ကျန်းမာရေး ပြဿနာ သို့မဟုတ် အခြေအနေ၏ လက္ခဏာ မဟုတ်ပါသော်လည်း အသက် ၃၀ ကျော် အမျိုးသမီး အများအပြားသည် ကိုယ်အလေးချိန် တိုးလာခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ကိုလည်း ကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့် အမျိုးသမီးများအနေဖြင့် "လမ်းလျှောက်ခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ရေကူးခြင်း" စသည့် အေရိုးဗစ် လေ့ကျင့်ခန်းများ ပြုလုပ်ရန်နှင့် "ပြည့်ဝဆီ နည်းပါးပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ ကြွယ်ဝစွာ ပါဝင်ကာ ပြုပြင်ထားသော အစားအသောက်များနှင့် မလိုအပ်သော မုန့်များကို လျှော့ချထားသည့် မျှတကျန်းမာသော အာဟာရကို စားသုံးရန်" အကြံပြုထားပါသည်။ ကိုယ်အလေးချိန် တိုးလာခြင်းနှင့် သားဆက်ခြား သောက်ဆေးများသည်လည်း သွေးတိုးရောဂါ ဖြစ်ပွားစေရန် အကြောင်းဖန်နိုင်ပါသည်။

အသက် ၃၀ ကျော် အမျိုးသမီးများသည် သားအိမ်ခေါင်း အချွဲမြှေး စစ်ဆေးခြင်း (Pap smear) နှင့် HPV ဗိုင်းရပ်စ် စစ်ဆေးခြင်းများကို ပုံမှန် ဆက်လက် ခံယူသင့်သည်ဟု ဆိုပါသည်။ ထို့အပြင် မူမမှန်မှုများ သို့မဟုတ် အကျိတ်များ ရှိမရှိ သိရှိနိုင်ရန် အမျိုးသမီးများသည် ရင်သားကို မိမိဘာသာ စမ်းသပ် စစ်ဆေးခြင်းများကို စတင် ပြုလုပ်သင့်ပါသည်။

(၃)

အသက် ၄၀ ကျော် အရွယ်များ၌ အရိုးနှင့် သားအိမ်အိမ် ကျန်းမာရေးသည် အဓိက အရေးကြီးပါသည်။

အရိုးများ ကျန်းမာသန်စွမ်းစေရန် ဆောင်ရွက်ချက်များကို စတင် လုပ်ဆောင်သင့်ကြောင်း ဒေါက်တာ အဒီနီရန်က ဆိုပါသည်။ ဒူမတ်စွဲ လေးဘက်နာ ရောဂါ (Rheumatoid arthritis) သည် "ခုခံအားစနစ်က ခန္ဓာကိုယ်၏ အဆစ်များကို ပြန်လည် တိုက်ခိုက်သည့်" ခုခံအား ဖရိုဖရဲဖြစ်သော ရောဂါတမျိုး ဖြစ်ပြီး ယင်းရောဂါ ဖြစ်ပွားနိုင်ခြေမှာ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုများပြားကြောင်း ဒေါက်တာ အဒီနီရန်က ပြောကြားထားပါသည်။ လက္ခဏာများမှာ အထူးသဖြင့် နံနက်စောစောအချိန်တွင် အဆစ်များ နာကျင်ခြင်းနှင့် ရောဂါပိုးကြောင့် ရောင်ရမ်းခြင်းတို့ ဖြစ်ကြပါသည်။ အရိုးပါး ရောဂါ (Osteoporosis) ကို ကာကွယ်နိုင်ရေးအတွက် အမျိုးသမီးများအနေဖြင့် ရောဂါဖြစ်ပွားမှု သက်သာစေရန် ကိုယ်အလေးချိန် မ လေ့ကျင့်ခန်းများနှင့် နှလုံးသှေးကြောဆိုင်ရာ လေ့ကျင့်ခန်းများအပြင် အပတ်စဉ် "ကြွက်သားသန်စွမ်းရေး လေ့ကျင့်ခန်း (Strength training) ၂ ကြိမ်မှ ၃ ကြိမ်" ပြုလုပ်ရန် သူမက အကြံပြုထားပါသည်။ အသက် ၄၀ ကျော် အမျိုးသမီးများသည် လေဖြတ်ခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် နှလုံးရောဂါများ ဖြစ်ပွားနိုင်ခြေလည်း ရှိသဖြင့် မျှတသော အစားအသောက် စားသုံးခြင်းနှင့်အတူ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရန် အရေးကြီးပါသည်။

ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသည့် မိန်းမကိုယ်နှင့် အပြင်ဘက် လိင်အင်္ဂါ ရောင်ရမ်းခြင်း (Vulvovaginitis) သည်လည်း သက်ကြီး အမျိုးသမီးများတွင် အတွေ့ရအများဆုံး သားဖွားမီးယပ် ပြဿနာများထဲမှ တခု ဖြစ်ပါသည်။ အသက် ၄၀ ကျော် အမျိုးသမီးများသည် ရင်သားကင်ဆာ၊ သားအိမ်အိမ် ကင်ဆာနှင့် သားအိမ် အတွင်းမြှေး ကင်ဆာများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။ 

အသက် ၄၀ ရောက်ရှိချိန်တွင် အမေရိကန် ကင်ဆာအသင်းနှင့် အမေရိကန် သားဖွားမီးယပ် ဆရာဝန်များ ကောလိပ်တို့က မမိုဂရမ် (Mammogram) ဓာတ်မှန်ဖြင့် ရင်သားကင်ဆာ စစ်ဆေးမှုကို စတင်ပြုလုပ်ရန် အကြံပြုထားပါသည်။

(၄)

အသက် ၅၀ ကျော် အရွယ်များ၌ သွေးဆုံးခြင်းနှင့် ကြုံတွေ့ရနိုင်ခြေ ရှိပါသည်။

အမေရိကန်ပြည်ထောင်စု၌ အမျိုးသမီးများ သွေးဆုံးသည့် ပျမ်းမျှအသက်မှာ ၅၂ နှစ်ဖြစ်ပြီး၊ အဆိုပါ ဟော်မုန်း ပြောင်းလဲမှုများသည် ကျန်းမာရေးဆိုင်ရာ ပြောင်းလဲမှု အများအပြားကိုလည်း ဆောင်ကြဉ်းလာနိုင်ပါသည်။ သွေးဆုံးခြင်း၏ လက္ခဏာအချို့မှာ ခန္ဓာကိုယ် ပူရှိန်းရှိန်းဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ ရာသီမမှန်ခြင်းနှင့် သွေးဆင်းခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း သို့မဟုတ် ပိုးဝင်ခြင်း၊ စိုးရိမ်လွန်ကဲခြင်းနှင့် စိတ်ကျရောဂါတို့ ဖြစ်ကြပါသည်။

သွေးဆုံးပြီးနောက် သားအိမ်အိမ်များမှ အီစထရိုဂျင် (Estrogen) ဟော်မုန်း ထုတ်လုပ်မှု လွန်စွာ နည်းပါးသွားပြီး ခန္ဓာကိုယ်အတွင်း အီစထရိုဂျင် နည်းပါးသွားခြင်းက အရိုးထုထည်ကို ပိုမိုမြန်ဆန်သော နှုန်းဖြင့် ဆုံးရှုံးစေသဖြင့် အရိုးပါး ရောဂါ (Osteoporosis) ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားစေပါသည်။ အရိုးများ ပြုန်းတီးလာခြင်းသည် အခြား ကျန်းမာရေး အခြေအနေများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ လူတို့သည် ဘဝတလျှောက် ထိတွေ့ခဲ့ရသမျှ ခဲဓာတ် (Lead) များကို အရိုးများအတွင်း သိုလှောင်ထားလေ့ရှိပြီး "သွေးဆုံးပြီးနောက် အရိုးများ ပြုန်းတီးမှု ပိုမိုမြန်ဆန်လာသောကြောင့် ထိုခဲဓာတ်များသည် သွေးအတွင်းသို့ ပိုမို စိမ့်ထွက်လာနိုင်ပါသည်"။ ယင်းက ကျောက်ကပ် လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်ပြီး ခဲဆိပ်သင့်ခြင်း၊ သွေးတိုးရောဂါနှင့် သွေးလွှတ်ကြော နံရံများ ထူထဲမာကျောခြင်း (Atherosclerosis) တို့ ဖြစ်ပွားနိုင်ခြေ ရှိစေပါသည်။

အသက် ၅၀ ကျော် အမျိုးသမီး ၃ ဦးတွင် ၁ ဦးမှာ ချောင်းဆိုး သို့မဟုတ် နှာချေစဉ် ဆီးမထိန်းနိုင်ခြင်း (Stress incontinence) ကို ကြုံတွေ့ရလေ့ရှိပြီး ယင်းမှာ အီစထရိုဂျင် လျော့နည်းသွားခြင်းနှင့် သဘာဝအတိုင်း မွေးဖွားခဲ့ခြင်းတို့၏ ရလဒ်ဖြစ်ပါသည်။ အများစုမှာ မျက်စိ ခြောက်သွေ့ခြင်းကိုလည်း ကြုံတွေ့ရပြီး စာဖတ်မျက်မှန် စတင် သုံးစွဲကြရပါသည်။

အူမကြီး ကင်ဆာ ဖြစ်ပွားမှု၏ ၉၁ ရာခိုင်နှုန်းမှာ အသက် ၅၀ နှင့် ယင်းထက် အသက်ကြီးသူများတွင် ဖြစ်ပွားလေ့ရှိသောကြောင့် အသက် ၅၀ ရောက်ရှိချိန်၌ အူမကြီး ကင်ဆာ စစ်ဆေးမှုကို စတင်ခံယူသင့်ပါသည်။

(၅)

အသက် ၆၀ ကျော် အရွယ်မှစ၍ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ ယေဘုယျအားဖြင့် ပိုမိုမြင့်မားလာပါသည်။

အသက် ၆၀ မှ ၈၀ အတွင်း၌ အမျိုးသမီးများ ကြုံတွေ့ရနိုင်သည့် ကျန်းမာရေး ပြဿနာ အများအပြားမှာ အသက် ၅၀ ကျော်အရွယ်တွင် ကြုံတွေ့ရသည်များနှင့် အတူတူပင်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာခြင်း ဖြစ်ပါသည်။ အသက် ၆၀ ကျော် အရွယ်များတွင် အမျိုးသားရော အမျိုးသမီးများပါ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ သိသိသာသာ မြင့်တက်လာပါသည်။ "အသက် ၆၅ နှစ်မှ ၇၄ နှစ်အတွင်း အမျိုးသားနှင့် အမျိုးသမီး သေဆုံးမှု အားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်မှာ နှလုံးရောဂါကြောင့် ဖြစ်သည်" ဟု သိရပါသည်။

အမျိုးသမီးများတွင် လေဖြတ်နိုင်ခြေသည် အသက် ၅၅ နှစ်ကျော်ပြီးနောက် ဆယ်စုနှစ်တခု စီတိုင်း၌ ၂ ဆစီ တိုးတက်လာကြောင်း သိရပါသည်။

အသက် ၆၀ ကျော် အမျိုးသမီးများသည် မိမိတို့၏ အရေပြား ပိုမို ပါးလွှာ ထိခိုက်လွယ်လာသည်ကို သတိပြုမိနိုင်ပြီး အကြားအာရုံ လျော့နည်းလာခြင်း၊ ခုခံအားစနစ် အားနည်းလာခြင်းတို့ကြောင့် အအေးမိခြင်းနှင့် တုပ်ကွေးစသည့် ရောဂါများ ပိုမို ကူးစက်ခံရလေ့ ရှိပါသည်။ အသက် ၆၅ နှစ်နှင့် ယင်းထက် အသက်ကြီးသူများသည် ပိုမို ပြင်းအားမြင့်သည့် တုပ်ကွေးကာကွယ်ဆေး (High-dose flu vaccine) ကို ထိုးနှံခွင့်ရှိကြောင်း AARP က ထောက်ပြထားပါသည်။

အသက် ၆၀ ကျော် အရွယ်များသည် ဗီတာမင် B12 ချို့တဲ့မှု ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားကြောင်း ဆိုပါသည်။

အသက် ၆၀ ကျော် အရွယ်တွင် ဘဝနိဂုံးပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်မှုများကို စတင်ပြုလုပ်ရန် အကြံပြုထားသော်လည်း အသက် ၄၀ သို့မဟုတ် ၅၀ ကျော် အရွယ်ကတည်းက စတင် ပြင်ဆင်ထားလျှင်လည်း မမှားပါ။ ရှင်းရှင်းပြောရရင် မနက်ဖြန်ဆိုတာ ဘယ်တော့မှ အာမခံချက် မရှိပါ။

(၆)

အသက် ၇၀ ကျော် အရွယ်များ၌ ဖြစ်ပွားသည့် ကျန်းမာရေး ပြဿနာများမှာ အရိုးနှင့် နှလုံး အားနည်းခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ခြေ ပိုများပါသည်။

အသက် ၇၀ ကျော် အမျိုးသမီးများ၏ အဓိက ကျန်းမာရေး ပူပန်ဖွယ်ရာများမှာ အရိုးများ အားနည်းလာခြင်းနှင့် နှလုံးရောဂါ ပြဿနာများမှ စတင်လေ့ရှိပါသည်။ အမျိုးသမီး ကျန်းမာရေးဌာန၏ အဆိုအရ အမျိုးသမီးများသည် အသက် ၇၀ အရွယ်သို့ ရောက်ရှိသောအခါ အမျိုးသားများနှင့် တန်းတူနီးပါး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ရှိလာပါသည်။ AARP ၏ ထုတ်ပြန်ချက်အရ "အသက် ၇၅ နှစ်မှ ၈၅ နှစ်အတွင်းရှိ အမျိုးသမီး ၃ ဦးတွင် ၁ ဦး၌ အရိုးပါး ရောဂါ (Osteoporosis)" ရှိနေပြီး ယင်းမှာ အသက် ၅၀ မျှဖြင့် အမျိုးသမီးများကို ထိခိုက်နိုင်သည့် အရိုး အားနည်းသော အခြေအနေပင် ဖြစ်ကာ "ပေါင်းသင်းနှင့် ကျောရိုးဆစ် ကျိုးပဲ့နိုင်ခြေကို လွန်စွာ မြင့်မားစေပါသည်။" ပုံမှန် ကိုယ်အလေးချိန် မ လေ့ကျင့်ခန်းများနှင့် လေ့ကျင့်မှုများသည် အရိုး အားနည်းခြင်းနှင့် ဆက်စပ်နေသော စွန့်စားရမှုများကို သက်သာစေနိုင်သော်လည်း အမျိုးသမီး အချို့မှာ ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နေသေးနိုင်ပါသည်။ သို့သော်လည်း ကောင်းမွန်သော အချက်မှာ သုတေသန စာတမ်းတခုအရ အသက် ၇၅ နှစ်ထက် အသက်ကြီးသော လူနာများသည် အသက် ၆၅ နှစ်မှ ၇၄ နှစ်အတွင်းရှိ လူနာများနှင့် တူညီသော ပြန်လည်ကောင်းမွန်သည့် ကြာချိန်ကို တွေ့ရှိရပါသည်။

အသက် ၇၀ ကျော် အမျိုးသမီးများသည် အကြားအာရုံ လော့နည်းခြင်း၊ ဗီတာမင် D ချို့တဲ့ခြင်းနှင့် မျက်စိ အတွင်းတိမ်ရောဂါ (မျက်မှန်ဘီလူး ပိန်းလာပြီး အမြင်အာရုံကို ထိခိုက်စေသည့် အခြေအနေ) တို့ကိုလည်း မကြာခဏ ကြုံတွေ့ရလေ့ရှိပါသည်။

(၇)

အသက် ၈၀ ကျော် အရွယ်များ၌ ဘဝအရည်အသွေး ပျက်စီးသွားမည်ဟု မဆိုနိုင်ပါ။

လူအများ စဉ်းစားထားသည်နှင့် ဆန့်ကျင်ဘက်အနေဖြင့် လူတို့၏ ပျော်ရွှင်မှုသည် အသက် ၄၀ ကျော်ပြီးနောက် ယေဘုယျအားဖြင့် တိုးတက်လာတတ်ပြီး အချို့သူများသည် အသက် ၉၈ နှစ်တွင် အပျော်ရွှင်ဆုံး အခြေအနေသို့ ရောက်ရှိကြပါသည်။ သို့ဖြစ်၍ အသက် ၈၀ ကျော် အမျိုးသမီးများသည် နှလုံးရောဂါ ပြဿနာများ သို့မဟုတ် အရိုးပါး ရောဂါနှင့် အခြား အရိုးဆိုင်ရာ အခြေအနေများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားနိုင်သော်လည်း သူတို့၏ ဘဝအရည်အသွေးမှာ မလွဲမသွေ ပျက်စီးကျဆင်းသွားမည်ဟု မဆိုနိုင်ပါ။

အသက် ၇၀ ကျော်များ ကြုံတွေ့ရသည့် နှလုံးနှင့် အရိုး ပြဿနာများအပြင် အသက် ၈၀ ကျော် အရွယ်များသည် ချော်လဲခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အကြားအာရုံနှင့် အမြင်အာရုံ လော့နည်းခြင်း၊ ခေါင်းမူးခြင်း၊ ကြွက်သား အားနည်းခြင်း၊ ခုခံအားစနစ် အားနည်းခြင်းနှင့် ဆီးအိမ် ပြဿနာများ သို့မဟုတ် အခြား ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။

သုတေသန စာတမ်းတခုအရ အသက် ၈၅ နှစ်ထက် အသက်ကြီးသော အမေရိကန်နိုင်ငံသား ၇၃ ရာခိုင်နှုန်းသည် လမ်းလျှောက်ရန် ခက်ခဲမှုကို ကြုံတွေ့ခဲ့ကြရပြီး လှုပ်ရှားသွားလာမှု အခက်အခဲများသည် စိတ်ကျရောဂါ ဖြစ်ပွားခြင်းနှင့် ချော်လဲမှုကြောင့် ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း စသည့် စွန့်စားရမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။

သူငယ်ပြန် ရောဂါ (Dementia) နှင့် အယ်လ်ဇိုင်းမား ရောဂါကြောင့် သေဆုံးမှု နှုန်းထားများသည်လည်း အသက်အရွယ် ရလာသည်နှင့်အမျှ မြင့်တက်လာပါသည်။ သက်ကြီးရွယ်အိုများသည် လိုအပ်ပါက မော်တော်ယာဉ် မောင်းနှင်သည့် အလေ့အထကို စွန့်လွှတ်ရန် သို့မဟုတ် ပြောင်းလဲရန်နှင့် နေအိမ်တွင် ပိုမို ဘေးကင်းစွာ နေထိုင်နိုင်ရန်အတွက် ရောဂါ ကြိုတင် စစ်ဆေးမှုများ ခံယူခြင်းဖြင့် အကျိုးကျေးဇူး ရရှိနိုင်ပါသေးသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ