Saline Gargle ဆားရေနွေးဖြင့် ပလုတ်ကျင်းခြင်း
ဆားရေနွေးဖြင့် ပလုတ်ကျင်းခြင်းသည် လည်ချောင်းနာခြင်းကို သက်သာစေရန်၊ ရောင်ရမ်းမှုကို လျှော့ချရန်နှင့် အနာကျက်မြန်စေရန် ကူညီပေးသည့် ရိုးရှင်း၍ ဘေးကင်းသော အိမ်သုံးကုထုံးတခု ဖြစ်ပါသည်။
ဆားရည်သည် ရောင်ရမ်းနေသော လည်ချောင်းတရှူးများအတွင်းမှ လိုအပ်သည်ထက် ပိုနေသော အရည်များကို စုပ်ထုတ်ပေးသည့် Hypertonic Solution ကို ဖြစ်ပေါ်စေသဖြင့် ရောင်ရမ်းခြင်းနှင့် မအီမသာဖြစ်ခြင်းကို လျှော့ချပေးသည်။ ထို့အပြင် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို ဖယ်ရှားပေးရာ၌ ကူညီပေးသဖြင့် ကူးစက်ရောဂါများ ပွားများရန် ခက်ခဲသွားစေသည်။
ဆားရည် ပြုလုပ်နည်း
• အခြေခံဖော်စပ်နည်း: နွေးရုံမျှရှိသော ရေ ၁ ဖန်ခွက် (၈ အောင်စ) တွင် အိုင်အိုဒင်းမပါသော ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း ထည့်၍ ပျော်ဝင်အောင် ဖျော်ပါ။
• ပါးစပ်အတွင်း အနာများ သို့မဟုတ် အက်ဆစ်ဓာတ် မခံနိုင်သူများအတွက်: ဖော်ပြပါ ရေပမာဏအတိုင်း၌ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း ရောထည့်ပါ (သို့မဟုတ် ရေ ၁ ဖန်ခွက်လျှင် ဆား လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း နှင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်းစီ ရောစပ်ပါ)။
• လည်ချောင်း ပလုပ်ကျင်းရန်အတွက် ရေပိုက်မှရသော ရေနွေးနွေးကို သုံးနိုင်သော်လည်း နှာခေါင်းနှင့် လေပြွန်ဆေးကြောရန်အတွက် ပေါင်းခံရေ၊ ပိုးသန့်စင်ထားသောရေ သို့မဟုတ် ကြိုချက်ထားသော ရေအေးကိုသာ သုံးပါ။
ပလုပ်ကျင်းနည်း ၁။ ပြုလုပ်ထားသော ဆားရည်ကို ပါးစပ်အတွင်း အနည်းငယ် ငုံပါ။ ၂။ ခေါင်းကို အနည်းငယ် မော့ပြီး လည်ချောင်းဝအထိ ဆားရည် ရောက်အောင် ရွှေ့ပေးပါ။ ၃။ မျိုမချဘဲ စက္ကန့် ၁၀ မှ ၃၀ အထိ ပလုပ်ကျင်းပေးပါ။ ၄။ ထွေးထုတ်လိုက်ပါ၊ ကျန်ရှိသော ဆားရည်များဖြင့် ထပ်မံ ပြုလုပ်ပါ။ ၅။ အကောင်းဆုံး ရလဒ်ရရှိရန် ၁ ရက်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်ပေးပါ။
ရရှိနိုင်သော အကျိုးကျေးဇူးများ
• လည်ချောင်းနာခြင်းနှင့် ရောင်ရမ်းခြင်းကို သက်သာစေသည်။
• ရောဂါလက္ခဏာ စတင်ဖြစ်ပွားပြီး ၄၈ နာရီအတွင်း စတင်ပြုလုပ်ပါက အအေးမိ၊ တုပ်ကွေး ဖြစ်ပွားချိန်ကို တိုတောင်းစေနိုင်သည်။
• ပါးစပ်အတွင်း အနာများကို ကျက်မြန်စေပြီး သွားနှုတ်ပြီးနောက် သက်သာပျောက်ကင်းစေရန် အထောက်အကူပြုသည်။
• ဓာတ်မတဲ့ခြင်း၊ နှာခေါင်းဘေး လေအိတ်ရောင်ခြင်း (Sinus) နှင့် အသက်ရှူလမ်းကြောင်း အပျော့စား ကူးစက်ရောဂါ လက္ခဏာများကို သက်သာစေနိုင်သည်။
ဘေးကင်းစေရန် သတိပြုဖွယ်ရာများ
• အစာမျိုရခက်ခဲသော ရောဂါ (Dysphagia) ရှိသူများ သီးခြေင်းမှ ကာကွယ်ရန် ပလုပ်မကျင်းသင့်ပါ။
• သွေးတိုးရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ ရှိသူများ မပြုလုပ်မီ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
• ရောဂါလက္ခဏာများ ၅ ရက်မှ ၇ ရက်ထက်ပို၍ မပျောက်ကင်းပါက သို့မဟုတ် ဖျားနာပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများနှင့် ပြသပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment