ဆောင်းဦးရာသီတွင် အတွေ့ရများသည့် ကူးစက်ရောဂါများ

အအေးမိခြင်း (Rhinovirus)၊ ရာသီတုပ်ကွေး (Flu)၊ RSV ဗိုင်းရပ်စ်၊ ကိုဗစ်-၁၉ (COVID-19)၊ စတေးပ် လည်ချောင်းနာခြင်း (Strep throat)၊ ရုတ်တရက် နားနှင့် ထိုက်နားကပ်အမှေးပါး ရောင်ခြင်း (Ear and sinus infections) နှင့် နိုရိုဗိုင်းရပ်စ် (Norovirus - အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါ) တို့ ပါဝင်ပါသည်။ ရာသီဥတု အေးလာသည်နှင့်အမျှ လူများ အိမ်ထဲတွင် စုဝေးနေထိုင်ကြခြင်းနှင့် ကလေးများ ကျောင်းပြန်တက်ကြခြင်းတို့ကြောင့် ဤရောဂါများသည် ပိုမို လျှင်မြန်စွာ ကူးစက်ပျံ့နှံ့လေ့ ရှိပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ

• အအေးမိခြင်း (Common Cold) –

အများအားဖြင့် Rhinoviruses ကြောင့် ဖြစ်ပွားပြီး နှာရည်ယိုခြင်း၊ နှာချေခြင်း၊ လည်ချောင်းယားယန်းခြင်းနှင့် ၇ ရက်မှ ၁၀ ရက်အထိ ကြာမြင့်တတ်သော အနည်းငယ် ချောင်းဆိုးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

• ရာသီတုပ်ကွေး (Influenza / Flu) –

ဖျားခြင်း၊ ပြင်းထန်စွာ ခန္ဓာကိုယ် ကိုက်ခဲခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်းနှင့် ချမ်းစိမ့်ခြင်းတို့ဖြင့် ရုတ်တရက် ဖြစ်ပွားတတ်ပြီး အောက်တိုဘာလများတွင် ရောဂါကူးစက်မှု ပိုမို မြင့်မားလာလေ့ ရှိပါသည်။

• RSV ဗိုင်းရပ်စ် (Respiratory Syncytial Virus) –

လူကြီးများနှင့် အသက်ကြီးသော ကလေးအများစုတွင် သာမန် အအေးမိ လက္ခဏာမျှသာ ဖြစ်ပေါ်စေသော်လည်း မွေးကင်းစကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ပြင်းထန်သော အသက်ရှူခက်ခဲခြင်း သို့မဟုတ် နို့/အစာ မဝင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။

• ကိုဗစ်-၁၉ (COVID-19) –

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်းနှင့် အသက်ရှူရခက်ခဲခြင်း စသည့် လက္ခဏာများ ပြသတတ်ပြီး အခြား ရာသီတုပ်ကွေး ဗိုင်းရပ်စ်များနှင့် လက္ခဏာအများစု ထပ်တူကျလေ့ ရှိပါသည်။

• လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်း (Bronchitis & Pneumonia) –

အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဖြစ်ပွားပြီးနောက် အောက်အသက်ရှူလမ်းကြောင်းတွင် နောက်ဆက်တွဲ ရောင်ရမ်းခြင်း သို့မဟုတ် ကူးစက်ရောဂါအဖြစ် ဖြစ်ပွားလာနိုင်ပါသည်။

ဗက်တီရီးယားနှင့် လည်ချောင်းဆိုင်ရာ ကူးစက်ရောဂါများ

• စတေးပ် လည်ချောင်းနာခြင်း (Strep Throat) –

ဗက်တီရီးယားကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတခုဖြစ်ပြီး သာမန် အအေးမိ ချောင်းဆိုးခြင်းမျိုး မရှိဘဲ ရုတ်တရက် လည်ချောင်းနာခြင်း၊ အစာမျိုရခက်ခဲခြင်းနှင့် အာသီး ရောင်ရမ်းခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

• ထိုက်နားကပ်အမှေးပါး ရောင်ခြင်းနှင့် ရုတ်တရက် နားရောင်ခြင်း (Sinusitis & Acute Ear Infections) –

အအေးမိရာမှ ကျန်ရစ်သော နှာရည်/သလိပ်များ သို့မဟုတ် ဓာတ်မတည့်ခြင်းများကြောင့် နှာခေါင်းဘေး ထိုက်များ သို့မဟုတ် နားအလယ်ပိုင်းတွင် အရည်များ ပိတ်မိရာမှ အများအားဖြင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ

• နိုရိုဗိုင်းရပ်စ် (Norovirus) –

အလွန် ကူးစက်မြန်သော အစာအိမ် ဗိုင်းရပ်စ်တခုဖြစ်ပြီး ရုတ်တရက် အန်ခြင်း၊ ရေဝမ်းသွားခြင်းနှင့် အစာအိမ် ရစ်နာခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

ကာကွယ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း

• ကာကွယ်ဆေး ထိုးနှံပါ –

နှစ်စဉ် ထိုးနှံရသော တုပ်ကွေးကာကွယ်ဆေးနှင့် လိုအပ်သော ကိုဗစ်-၁၉ သို့မဟုတ် RSV ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံထားပါ။

• တကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ပါ –

လက်ကို ရေနှင့် ဆေပြာဖြင့် မကြာခဏ ဆေးကြောပါ၊ မကြာခဏ ကိုင်တွယ်ထိတွေ့ရသော မျက်နှာပြင်များကို ပိုးသတ်သန့်စင်ပါ။

• ရောဂါလက္ခဏာများကို ကုသပါ –

အနားယူပါ၊ ရေသောက်သုံးမှု လုံလောက်ပါစေ၊ သာမန် သက်သာစေသော ဆေးဝါးများကို သုံးစွဲပါ။ စတေးပ် လည်ချောင်းနာခြင်း သို့မဟုတ် နောက်ဆက်တွဲ နား/ထိုက် ရောင်ရမ်းခြင်းကဲ့သို့ ဗက်တီရီးယား ကူးစက်ရောဂါများအတွက် ပဋိဇီဝဆေး (Antibiotics) သုံးစွဲနိုင်ရန် ဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ