Cutting-Edge EBC Treatments ခေတ်မီဆန်းသစ်သော အစောပိုင်း ရင်သားကင်ဆာကုသမှုများ

နှစ်စဉ် လုပ်ဆောင်နေကျ ရင်သားဓာတ်မှန် (mammogram) ရိုက်ရန် သွားရောက်စစ်ဆေးစဉ် ရင်သားကင်ဆာဖြစ်နေကြောင်း သိရှိရခြင်းသည် သင်ကြားလိုသည့် သတင်းမျိုး မဟုတ်သည်မှာ သေချာပါသည်။ သို့သော် ဤအချက်ကို သိထားသင့်ပါသည် - ရင်သားကင်ဆာ ကနဦးအဆင့် (ကင်ဆာသည် ရင်သားပြင်ပသို့ မပျံ့နှံ့သေးသော အခြေအနေ) အတွက် ၅ နှစ် ဆက်လက် အသက်ရှင်နိုင်နှုန်းမှာ လက်ရှိတွင် ၉၉ ရာခိုင်နှုန်း ရှိပါသည်။

အစောပိုင်း ရင်သားကင်ဆာ (EBC) အတွက် မှန်ကန်သော ကုသမှုအစီအစဉ်ဖြင့် အသက်ရှင်ချိန်ကို တိုးမြှင့်နိုင်ပြီး၊ အရေးအကြီးဆုံးမှာ အရည်အသွေးပြည့်ဝကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန် ဖြစ်နိုင်ချေ ရှိပါသည်။

Cyclin-Dependent Kinase 4 နှင့် 6 ဟန့်တားဆေးများ (CDK4/6i)

အမေရိကန် ကင်ဆာအသင်း (American Cancer Society) ၏ ဖော်ပြချက်အရ ဟော်မုန်းကုထုံးကို ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် ရင်သားကင်ဆာခွဲစိတ်ကုသပြီးနောက်တွင် အများအားဖြင့် အသုံးပြုကြသည်။ အချို့သော အခြေအနေများတွင်မူ ခွဲစိတ်မှုမပြုလုပ်မီ အသုံးပြုကြသည်။ ဟော်မုန်းကုထုံးတွင် အမျိုးအစားများစွာ ရှိပြီး တာမိုဆီဖန် (tamoxifen) နှင့် တိုရီမီဖန် (toremifene) ကဲ့သို့သော ရင်သားကင်ဆာဆဲလ်များကို အီစထိုဂျင် (estrogen) က စွမ်းအင်မပေးနိုင်အောင် တားဆီးပေးသည့် ဆေးဝါးများအပြင် (anastrozole) နှင့် (letrozole) ကဲ့သို့သော အီစထိုဂျင် ပမာဏကို လျှော့ချပေးသည့် ဆေးဝါးများလည်း ပါဝင်သည်။

ပစ်မှတ်ထား ကုထုံး (Targeted Therapy)

ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်များကို ပိုမိုကောင်းမွန်စွာ မှတ်မိစေရန်နှင့် ဖယ်ရှားပစ်ရန် လေ့ကျင့်ပေးခြင်း၊ ခန္ဓာကိုယ်အတွင်း ကင်ဆာကို တိုက်ဖျက်သည့် ကိုယ်ခံအားဆဲလ်များ ထုတ်လုပ်ပေးခြင်းတို့ဖြင့် ကိုယ်ခံအားကုထုံး (immunotherapy) ကို အန္တရာယ်ကြီးမားသော အစောပိုင်း ရင်သားကင်ဆာ (EBC) နှင့် ပိုမိုပြင်းထန်သည့် ရင်သားကင်ဆာ အမျိုးအစားများကို ကုသရာတွင် အသုံးပြုကြသည်။ အဓိက မှတ်တိုင်တင်လောက်သော တိုးတက်မှု တရပ်အနေဖြင့် သုတေသီများသည် HER2-positive နှင့် ER-positive ရင်သားကင်ဆာများအတွက် ပစ်မှတ်ထားကုထုံးကို ကုသမှုတရပ်အနေဖြင့် လေ့လာဆန်းစစ်နေကြပါသည်။

trastuzumab ကဲ့သို့သော HER2 ဟန့်တားဆေးများနှင့် trastuzumab deruxtecan ကဲ့သို့သော ပဋိပစ္စည်း-ဆေးဝါး ပေါင်းစပ်ပစ္စည်းများ (antibody-drug conjugates) ပါဝင်သည့် ပစ်မှတ်ထား ဆေးဝါးများသည် ကျန်းမာသော တစ်ရှူးများကို ထိခိုက်မှု အနည်းဆုံးဖြစ်စေကာ ကင်ဆာဆဲလ်များကို ရွေးချယ် တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားသည်။ ကင်ဆာဆဲလ်များအတွင်းရှိ သီးသန့် မျိုးဗီဇ ပြောင်းလဲမှုများကို ပစ်မှတ်ထားခြင်းဖြင့် ၎င်းတို့၏ ကြီးထွားမှုကို နှေးကွေးစေရန် သို့မဟုတ် ရပ်တန့်စေရန် လုပ်ဆောင်ကြပြီး၊ ဤဆေးများသည် ကင်ဆာဆဲလ်များကို သေစေရန် သို့မဟုတ် ကြီးထွားမှုကို နှိမ်နင်းရန် လုပ်ဆောင်ကြကာ တမျိုးတည်း သို့မဟုတ် ဓာတုကုထုံး (chemotherapy) နှင့် တွဲဖက်၍ အကြောသွင်းဆေး (IV infusion)၊ ထိုးဆေး သို့မဟုတ် ဆေးပြား ပုံစံဖြင့် အသုံးပြုနိုင်ပါသည်။

ပဋိပစ္စည်း-ဆေးဝါး ပေါင်းစပ်ပစ္စည်းများ (ADCs) သည် ကင်ဆာအတွက် အလွန်တိကျသော ပစ်မှတ်ထားကုထုံး တရပ်ဖြစ်ပြီး (ဓာတုကုထုံးနှင့် မတူဘဲ) ကျန်းမာသော ဆဲလ်များကို ထိခိုက်မှု အနည်းဆုံးဖြစ်စေလျက် အဆိပ်သင့်စေသော ဆေးဝါးများကို ကင်ဆာဆဲလ်များဆီသို့ တိုက်ရိုက် ပို့ဆောင်ပေးသည်။ HER2-positive ရင်သားကင်ဆာကို ပစ်မှတ်ထားသည့် ပထမဆုံး အတည်ပြုထားသော ADC ဆေးဝါးဖြစ်သည့် Trastuzumab-emtansine သည် ခွဲစိတ်မှုမပြုလုပ်မီ ဓာတုကုထုံးခံယူပြီးနောက်တွင်လည်း ကင်ဆာရောဂါ ဆက်လက်ကျန်ရှိနေဆဲဖြစ်သော အန္တရာယ်မြင့် HER2-positive EBC လူနာများအတွက် စံချိန်စံညွှန်းမီ ကုသမှုပုံစံ ဖြစ်လာခဲ့သည်။

သံလိုက်အစေ့ငယ်ဖြင့် တည်နေရာပြသတ်မှတ်ခြင်း (Magnetic Seed Localization)

ခွဲစိတ်ဆရာဝန်များအနေဖြင့် ရင်သားကင်ဆာ အကျိတ်နေရာကို ရှာဖွေဖယ်ရှားရာတွင် အထောက်အကူဖြစ်စေရန် ခွဲစိတ်မှုအဆင့်မီ သံမဏိဖြင့် ပြုလုပ်ထားပြီး ဆန်စေ့ခန့်သာရှိသော သံလိုက်အစေ့ငယ် (magnetic seed) ကို အသုံးပြုသည့် လုပ်ထုံးလုပ်နည်းကို magnetic seed localization သို့မဟုတ် Magseed စနစ်ဟု ခေါ်ဆိုသည်။ သံလိုက်အစေ့ငယ်နှင့် အခြား ကြိုးမဲ့အစေ့ တည်နေရာပြ နည်းပညာများသည် လက်ဖြင့် စမ်း၍မရနိုင်သော အကျိတ်များကို တိကျစွာ တည်နေရာပြသပေးနိုင်ခြင်းဖြင့် ရင်သားတစ်ရှူး၏ အစိတ်အပိုင်းကို ဖယ်ရှားသည့် ခွဲစိတ်မှု (lumpectomy) ၏ တိကျသေချာမှုကို ပိုမိုကောင်းမွန်စေပါသည်။ ထို့အပြင် ခွဲစိတ်ဆရာဝန်အနေဖြင့် ခွဲစိတ်ရာနေရာ (incision) ကို ပိုမိုလွတ်လပ်စွာ ရွေးချယ်နိုင်သဖြင့် အလှအပဆိုင်ရာ ရလဒ်များကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါသည်။

ခွဲစိတ်မှု မပြုလုပ်မီ ရက်အနည်းငယ် (သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်) အလိုတွင် ဓာတ်မှန်ဆရာဝန်သည် အာထရာဆောင်း  သို့မဟုတ် ဓာတ်မှန်ဖြင့် လမ်းညွှန်ပြသမှုကို အသုံးပြု၍ ထိုးအပ်ဖြင့် ထိုအစေ့ငယ်ကို ရင်သားတစ်ရှူးအတွင်းသို့ ထည့်သွင်းပေးသည်။ ခွဲစိတ်မှုမပြုလုပ်မီ အချိန်ပိုင်းအလိုတွင် ခွဲစိတ်ဆရာဝန်သည် အသံမြည်စေပြီး စာဖတ်ပြသမှုကို ပေးစွမ်းနိုင်သော Sentimag ဟုခေါ်သည့် လက်ကိုင်သံလိုက် ထောက်လှမ်းကိရိယာ (magnetic detector) ကို အသုံးပြု၍ အစေ့ကို ရှာဖွေသည်။ ထို့နောက် အဆိုပါအစေ့ကို ခွဲစိတ်ဆရာဝန်က အကျိတ်နှင့်အတူ ခွဲစိတ်ထုတ်ယူလိုက်သည်။

လေ့လာတွေ့ရှိချက်များအရ သံလိုက်အစေ့ငယ်ဖြင့် တည်နေရာပြသတ်မှတ်ခြင်းသည် အခြားနည်းဖြင့် ရှာမတွေ့နိုင်သော ရင်သားအကျိတ်များကို ရှာဖွေရာတွင် ဘေးကင်းပြီး ထိရောက်သော နည်းလမ်းဖြစ်ကာ ကျန်းမာသောတစ်ရှူးများ အလွန်အကျွံ ပါသွားခြင်းကို ရှောင်ရှားနိုင်စေကြောင်း တွေ့ရှိရပါသည်။

ကျန်ရှိနေသေးသော အဏုကြည့်ကင်ဆာရောဂါ (MRD) စောင့်ကြည့်ခြင်း

MRD သည် နောက်ထပ် စိတ်လှုပ်ရှားဖွယ် ဆန်းသစ်တီထွင်မှု တရပ်ဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းသည် သွေးထဲတွင် ကင်ဆာ DNA ၏ အဏုကြည့် အကြွင်းအကျန်များကို ဖော်ထုတ်ပေးနိုင်ပြီး လူနာတဦးချင်းနှင့် ကိုက်ညီသော ကုသမှုဗျူဟာများကို ချမှတ်နိုင်စေပါသည်။ ရောဂါအကြွင်းအကျန်ရှိသော လူနာများအတွက် ရောဂါပြန်ဖြစ်နိုင်ခြေကို လျှော့ချရန် ကုသမှုကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်နိုင်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် ရောဂါ လုံးဝမတွေ့ရှိရတော့သူများအတွက်မူ မလိုအပ်ဘဲ အဆိပ်အတောက်ဖြစ်စေမှုကို ရှောင်ရှားလျက် ကုသမှုကို လုံခြုံစိတ်ချစွာဖြင့် လျှော့ချနိုင်မည် ဖြစ်သည်။

မြန်မာပြည်သူများ လက်လှမ်းမီကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ