Feeling overwhelmed by life’s pressures

ဘဝ၏ဖိအားများကြောင့် စိတ်ရှုပ်ထွေး ပင်ပန်းလာသည့်အခါ 

မိမိကိုယ်ကို ခေတ္တရပ်နားခွင့် ပေးရန် အလွန်အရေးကြီးပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ အသက်ရှူ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့က နေ့စဉ် စိတ်ဖိစီးမှုများကို လျော့ပါးစေရန် ကူညီပေးနိုင်ပါသည်။

နေ့စဉ် တာဝန်များနှင့် စိတ်ထဲဝင်ရောက်လာသမျှ အချက်အလက်များသည် ထိုအချိန်က ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်သွားသည့်အခါ စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာတတ်ပါသည်။

ယခုချက်ချင်း လုပ်ဆောင်နိုင်သော အဆင့်များ

• ခတ္တ ရပ်နားပြီး နောက်ဆုတ်ပါ - အလုပ်၊ ဖုန်း သို့မဟုတ် လက်ရှိလုပ်ဆောင်နေသော အရာမှ မိနစ်အနည်းငယ်မျှ ခွာလိုက်ပြီး အာရုံကြောစနစ် တည်ငြိမ်သွားစေရန် တဖြည်းဖြည်းနှင့် နက်နက် ရှူသွင်း ရှူထုတ်လုပ်ပါ။

• စိတ်ထဲရှိသမျှကို စာပေါ်ချရေးပါ - ဦးနှောက်ထဲတွင် လှည့်ပတ်နေသော တာဝန်များ၊ စိုးရိမ်ပူပန်မှုများနှင့် အချိန်ကန့်သတ်ချက် အားလုံးကို စက္ကူပေါ်တွင် ချရေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေပါ။

• အသေးဆုံး အဆင့်တခုကိုသာ ရွေးပါ - စာရင်းထဲမှ ယနေ့ မဖြစ်မနေ လုပ်ရမည့်အရာကိုသာ ရွေးချယ်ပြီး၊ ၎င်းကို အလွန်သေးငယ်သော အစပြုမှုအဖြစ် ခွဲထုတ်ပါ (ဥပမာ - "ဖောက်သည်အားလုံးကို အီးမေးလ်ပြန်ရန်" အစား "အီးမေးလ်ကို ဖွင့်ရန်" ဟု ပြုလုပ်ပါ)။

• အချိန်အကန့်အသတ်ဖြင့် လုပ်ဆောင်ပါ - ထိုသေးငယ်သော အဆင့်အတွက် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်သာ အချိန်ပေးလုပ်ကိုင်ပြီးနောက် လိုအပ်ပါက ရပ်နားရန် သို့မဟုတ် ပြင်ဆင်ရန် မိမိကိုယ်ကို ခွင့်ပြုပါ။

ကျန်းမာရေးနှင့် ညီညွတ်သော နေ့စဉ် အလေ့အထများ

• "ငြင်းဆန်ခြင်း" စာရင်း တည်ဆောက်ပါ - ထပ်ဆောင်း တာဝန်များ သို့မဟုတ် မရှိမဖြစ် မလိုအအပ်သော တောင်းဆိုမှုများအပေါ် ခိုင်မာသော နယ်သတ်မှတ်ချက်များ ထားရှိခြင်းဖြင့် မိမိ၏ အချိန်ကို ကာကွယ်ပါ။

• သတင်းအချက်အလက် စီးဆင်းမှုမှ ခေတ္တ ကင်းဝေးပါ - ဦးနှောက်ကို သွယ်ဝိုက်သော စိတ်ဖိစီးမှုများ ပေးစွမ်းနေသည့် သတင်းများ၊ ဆိုရှယ်မီဒီယာများနှင့် အဆက်မပြတ် ဝင်ရောက်လာသော အသိပေးချက်များမှ အနားယူပါ။

• ရုပ်ပိုင်းဆိုင်ရာ အခြေခံများကို ပြန်လည်လုပ်ဆောင်ပါ - အနည်းဆုံး ၇ နာရီ သို့မဟုတ် ထို့ထက်ပို၍ အိပ်စက်ပါ၊ ရေများများသောက်ပါ၊ ခေတ္တ လှုပ်ရှားမှုပြုလုပ်ခြင်း သို့မဟုတ် အပြင်ထွက်၍ လေကောင်းလေသန့် ရှူရှိုက်ပါ။

• အကူအညီ တောင်းခံပါ - မိမိရင်ဆိုင်နေရသည်များကို ယုံကြည်ရသော သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် စိတ်ကျန်းမာရေး ပညာရှင်တဦးဦးနှင့် ရင်ဖွင့်ဆွေးနွေးပါ။

ကျန်းမာကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ