Lifestyle Diseases နေထိုင်မှုပုံစံကြောင့်ဖြစ်ရသည့် ရောဂါများ
ဒီဆေးပညာစာကို ရေးခဲ့တာ ကျွန်တော် စာတွေစရေးစကဖြစ်လို့ (၁၀) နှစ် ကျော်ပြီ။ အရေးအသားက စာလိုဖြစ်နေပါတယ်။
လူတို့၏လူနေမှုပုံစံကြောင့်ဖြစ်ရသောရောဂါများရှိသည်။ ကမာ္ဘတွင် စက်မှုလက်မှု၊ စက်ရုံများထွန်းကားခြင်းကြောင့်လည်း အသက်ပိုရှည်လာရာ အသက်ကြီးရောဂါများ ပေါလာရသည်။ ပတ်ဝန်းကျင်နှင့် လူဆက်စပ်မှုကြောင့် ၎င်းရောဂါများ တဖြေးဖြေးအဖြစ်များလာသည်။ သူဌေးရောဂါလို့တော့ မခေါ်သင့်ပါ။ ဆင်းရဲမွဲတေသူတွေမှာလည်း လူနေမှုဘဝအရ ဖြစ်တာတွေကိုပါခေါ်တယ်။
နေထိုင်မှုပုံစံကြောင့်ဖြစ်ရသည့် ရောဂါများ
1. Heart disease, Stroke နှလုံးရောဂါ၊
2. Type 2 Diabetes ဆီးချိုရောဂါ၊
3. ဆေးလိပ်-အရက်-မူးယစ်ဆေးဝါးများကြောင့်ဖြစ်ရသည့် ရောဂါများ၊
4. Alzheimer's disease အဇာမိုင်ယာရောဂါ၊
5. ပန်းနာ၊
6. Atherosclerosis သွေးကြောကျဉ်းရောဂါ၊
7. သွေးတိုး၊
8. Cirrhosis အသည်းခြောက်ရောဂါ၊
9. Osteoporosis အရိုးအားနည်းရောဂါ၊
10. Depression စိတ်ကျရောဂါ၊
11. Obesity အဝလွန်ရောဂါ၊
12. Cancer ကင်ဆာ၊
13. Acne ဝက်ခြံ၊
14. Nephritis or Chronic Renal Failure ကျောက်ကပ်ရောဂါများ ပါဝင်သည်။
အနောက်နိုင်ငံများတွင် လွန်ခဲ့သော၂၀ ရာစုနောက်ပိုင်း အစားအသောက်ပုံစံ အပြောင်းအလဲကြောင့် ဘဝပုံစံကြောင့် ဖြစ်ရသည့် ရောဂါများဖြစ်လာခဲ့သည်။ ယခင်စားနေကြ ပေါင်မုံ့၊ အာလူး၊ ပြောင်း၊ ပြောင်းဖူးတို့အစား၊ အသား၊ နို့ထွက် အစာများ၊ သစ်သီးရည်များ၊ အရက် ပိုမိုစားသုံးလာကြသည်။ အဝလွန်ခြင်းရောဂါ ဖြစ်လာစေသည်။ ၁ဝ၇ဝ နောက်ပိုင်း အဆီ၊ သကြား၊ အသားစားသုံးမှု များခြင်းကြောင့် အူမကြီး-နို့၊ ဆီးကျိတ်-သားအိမ်-အဆုတ်ကင်ဆာ အဖြစ်များလာ စေသည်။
ဥပမာ အမေရိကန် ပြည်ထောင်စုတွင် လူများသေစေရသည့် ရောဂါများမှာ ယခင်က နူးမိုးနီးယား၊ တုပ်ကွေး၊ တီဘီ၊ ဝမ်းလျော-ဝမ်းပျက်တို့ဖြစ်ခဲ့ရာမှ၊ နှလုံးရောဂါနှင့် ကင်ဆာတို့ဖြစ်လာခဲ့သည်။ နောက်ပိုင်း ကူးစက်ရောဂါများကြောင့် သေရခြင်းများလာခဲ့သည်။ နောက်ပိုင်းတွင် အင်ဖက်ရှင် ခေါ်ပိုးဝင်ခြင်း၊ ထိခိုက်ဒဏ်ရာ၊ စစ်ဖြစ်ခြင်း၊ အဆိပ်သင့်ခြင်း တို့ဖြစ်လာသည်။ ကာကွယ်ဆေးများ၊ ပိုးသေဆေးများ ပေါ်လာခြင်းကြောင့် ကုသရန်ခက်ခဲ့သည့် ကင်ဆာနှင့်နှလုံးရောဂါ တို့ကြောင့်သာ သေရတာများသည်။ သေရသည့်အသက်အရွယ်နှင့် ရောဂါအချိုးအစားများလည်း ပြောင်းလာပြန်သည်။ ထိခိုက်မှုများကြောင့် အသက် ၄ဝ၊ ကင်ဆာကြောင့် ၇ဝ နှင့် နှလုံးရောဂါများကြောင့် အသက် ၈၅နှစ်။
အဖြစ်များ ဘဝပုံစံကြောင့်ဖြစ်ရသည့်ရောဂါများ
၁။ Alzheimer's Disease ဦးနှောက်ရောဂါတမျိုး၊ အကြောင်းရင်းမသိသေးသည့်ရောဂါ၊
၂။ Arteriosclerosis သွေးကြောကျဉ်းရောဂါ၊ သွေးလွှတ်ကြောနံရံများ ထူခြင်းကြောင့် ရင်ပတ်နာ၊ အဝလွန်၊ သွေးတိုး၊ အဆီများ၊ ဆီးချို၊
၃။ Cancer ကင်ဆာ၊ ဆဲလ်များပုံမှန်မဟုတ် ပွါးများလာခြင်း၊
အဖြစ်များကင်ဆာများ (ယူအက်စ်အေ)
ကျား
1. ဆီးကျိတ် (28%)
2. အဆုပ် (17%)
3. အူမကြီး (12%)
4. ဆီးအိမ် (07%)
5. လင်ဖိုးမား (04%)
မ
1. ရင်သား (30%)
2. အဆုပ် (13%)
3. အူမကြီး (12%)
4. သားအိမ် (06%)
5. မျိုးဥအိမ် (04%)
၄။ Chronic Liver Disease/Cirrhosis အသည်းခြောက် သို့မဟုတ် နာတာရှည်အသည်းရောဂါ၊ အသားဝါ၊ ကိုယ်ရောင်၊ သတိချို့ယွင်း။
၅။ Chronic Obstructive Pulmonary Disease (COPD) နာတာရှည်အဆုပ်ရောဂါ၊ အသက်ရှူခက်၊ နာတာရှည် ချောင်းဆိုး၊ ဆေးလိပ်-ပတ်ဝန်းကျင်မကောင်းနှင့်ဆက်နေသည်။ အသက်ရှူလမ်းပိတ်သည့် နာတာရှည် လေပြွန်ရောင်ခြင်း၊ ပန်းနာတို့မှဆက်ဖြစ်ရသည်။
၆။ Diabetes ဆီးချိုရောဂါ၊ လေးမျိုးရှိသည်။
၁။ အင်စူလင် ထိုးနေရသည့်အမျိုးအစား၊ ကလေးအရွယ်ဖြစ်တတ်သည်။
၂။ အသက်ကြီးမှဖြစ်သည်၊ ကိုယ်အလေးချိန်များသူ။
၃။ ကိုယ်ဝန်ရှိစဉ်ဖြစ်သည်။
၄။ သရက်ရွက်ရောဂါကြောင့်ဖြစ်သည်။ မျိုးရိုးလိုက်သည်။
၇။ Heart Disease နှလုံးရောဂါ၊ နှလုံးခုန်မမှန်၊ မောပန်း၊ ကိုယ်ရောင်၊
၈။ Nephritis/CRF ကျောက်ကပ်ရောဂါ၊ ဆီးထဲသွေးပါ၊ ဆီးထဲပရိုတင်းပါ၊ ဆီးထဲပြည်ပါ၊ ကိုယ်ရောင်၊ ခါး-နောက်ကျောနာ၊
၉။ Stroke နှလုံးသွေးကျောကျဉ်းရောဂါ၊ အသက်ကြီးချိန်၊ သွေးတိုး၊ စီးကရက်သောက်ခြင်း၊ မိသားစုအတွင်း အလားတူဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အဆီစားများခြင်း၊ ကိုယ်အလေးချိန်များခြင်း၊
လူနေမှုပုံစံနဲ့ဆိုင်တဲ့ရောဂါတွေကို ကာကွယ်ဘို့ ကုသရာမှာ လူနေမှုပုံစံကို ပြင်ရမယ်။ ဆေး + အစားသောက် + ကိုယ်လက်လှုပ်ရှားမှု သုံးခုသာဖြစ်သည်။ ရောဂါရှိမှန်းသိကတည်းက ငါ အရင်လူမဟုတ်တော့ဘူးလို့ သဘောပိုက်ပါ။ အရင်က စားသောက်ခဲ့တာတွေကို အရင်လို မမက်ပါနဲ့တော့။ လူသစ်စိတ်သစ်နဲ့ ကြိုက်-မကြိုက်ပါ အသစ်ဖြစ်လာတာကို ကိုယ်တိုင်နားလည် သဘောပေါက်ပြီး ကိုယ်တိုင်စောင့်ရှောက်ရပါမယ်။ ဖြစ်တော့ ကိုယ်ပဲခံရတာ မဟုတ်ပါလား။ စိတ်ကို နိုင်အောင် ကြိုးစားနိုင်ကြပါစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment