Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး
ဆရာရှင့် သမီးတို့အသားငါး စားချင်စိတ်မရှိလို့မစားတာ ၂ ပတ်ရှိပါပြီရှင့်။ အသားငါးအစား ဘယ်လိုမျိုး အစားအစာတွေစားရင် အဟာရအပြည့်အဝရနိုင်ပါသလည်းလို့ သိချင်ပါတယ်ရှင့်။ ကျေးဇူးအထူးတင်စွာဖြင့်
ပြန်စာ
ဆရာဝန်တွေကတော့ သက်သတ်လွတ်စားပါလို့ မတိုက်တွန်းပါ။ အာဟာရအကြောင်းစာမှာ လူတွေဘယ်ဓါတ်တွေ ဘယ်လောက်လိုသလဲ၊ ဘယ်အစာတွေကရသလဲ ဆိုတာတွေတွေ့မှာပါ။ ဒီဓါတ်တွေ ဘယ်ကနေရရ ပြည့်ဝ + မျှတဘို့သာ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ လူတွေဟာ အစုံစားသက်ရှိ ဖြစ်တယ်။ မိဘဘိုးဘွား အစုံစားသူတွေကနေ မွေးလာသူတွေရဲ့ ပင်ကိုယ်ဟာ အစုံလိုတယ်။ အသားထဲကသာ ရတာတိုင်းကိုတော့ အသားမစားသူတွေ မရနိုင်ပါ။ အားဆေးဆိုတိုင်းလဲ အစားအစာလောက်မပြည့်စုံပါ၊ မကောင်းလှပါ။
သက်သတ်လွတ် စားတာမှာ ကျန်းမာရေးဒေါင့်ကကြည့်ရင် အကျိုးတွေရော စိုးရိမ်စရာတွေပါရှိတယ်။
သုတေသန အဖြေတွေအရ
အဝလွန်သူနည်းတယ်၊
နှလုံး-သွေးကြောရောဂါ နည်းတယ်။
သွေးတိုးကြောင့် သေဆုံးရတာ နည်းတယ်လို့ သိရတယ်။
(ကယ်လိုရီ) အဆီကနေရတာ နည်းတယ်။ (ဖိုက်ဘာ) ပိုရမယ်။ ပိုတက်ဆီယမ် နဲ့ ဗီတာမင် (စီ)။ (အီး) တွေရမယ်။ ကျယ်ပြန့်တဲ့ လေ့လာမှုတခုအရ နှလုံးသွေးကြောကျဉ်းလို့ သေဆုံးရသူ ယောက်ျား ၃ဝ% နဲ့ မိန်းမ ၂ဝ% ပိုနည်းတယ်။ ဒါဟာ Saturated fat, Cholesterol and Animal protein အဆီဓါတ်တွေနည်းလို့ဖြစ်တယ်။
• ဖက်တီးအက်စစ်၊ (အိုမီဂါ-၃) ကို သံလွင်ဆီ၊ သစ်ကြားသီး၊ ဗာဒံစေ့၊ ဖရုံစေ့၊ ကင်နိုလာဆီ၊ ကီဝီသီး၊ ပန်းနှမ်း၊ ဟင်းနုနွယ်၊ မုန်လာအမျိုးမျိုးတွေကရမယ်။ ပဲပုတ်စားပါ။ အစေ့အဆံစားပါ။
• (ပရိုတင်း) နည်းနည်းလေး နည်းတယ်။ အားကစားသမားတွေဆိုရင် သိပ်မဆင်မပြေဘူး။ စုံအောင်စားသူဆိုရင်တော့ နည်းတာ မတွေ့ဘူးလို့ နိုင်ငံစုံက လေ့လာမှုတွေက ဆိုတယ်။
• သံဓါတ်ပါဝင်မှုမှာ အလေးချိန်အရ အတူတူပဲပါတယ်။ ဒါပေမဲ့ လက်တွေ့အသုံးချဘို့ အစွမ်းမှာတော့ နည်းတဲ့အမျိုးအစားဖြစ်နေတယ်။ မဲနက်၊ ပဲအမျိုးမျိုး၊ မုန်လာပွင့်စိမ်း၊ မုန်လာထုပ်၊ မုန်လာဖြူ၊ သီဟိုစေ့၊ နတ်တော်ပဲ၊ ပဲပုပ်၊ ဟင်းနုနွယ်၊ စတာတွေမှာ သံဓါတ်ပါတယ်။ ပဲအမျိုးမျိုးစားပါ။
• ဗီတာမင် ဘီ (၁၂) ဆိုတာ အသီးအနှံကရတာ မဟုတ်ပါ။ ဘီ ၁၂ ကို ကိုယ်ကလိုတာ နည်းနည်းလေးပေမဲ့ ချို့တဲ့ရင် ဆိုးတာတွေဖြစ်စေနိုင်တယ်။ အာရုံကြောအားနည်းစေမယ်။ ကိုယ်ဝန်ဆောင်မှာ နည်းရင် အထဲကကလေးကို ထိခိုက်မယ်။
ဝ-၆ လ ကလေး = 0.4 mcg (မိုက်ခရိုဂရမ်)၊ ၉-၁၃ ကလေး = 1.8 mcg (မိုက်ခရိုဂရမ်)၊ ၁၄ နှစ်သား = 2.4 mcg (မိုက်ခရိုဂရမ်)၊ နို့တိုက်မိခင် = 2.8 mcg (မိုက်ခရိုဂရမ်)။
• ကယ်လ်စီယမ်ကို အသားစာသူတွေနဲ့ အတူရနိုင်ပါတယ်။ တချို့မှာတော့ ကိုယ်ထဲဓါတ်ပြုမှု အားနည်းတာတွေ့ရတယ်။ နွားနို့ပါ သောက်သူတွေဆိုရင် ကောင်းမယ်။ မုန်လာပွင့်စိမ်း၊ ပဲသီး၊ ပဲစို၊ ပဲနီလေး၊ မုန်လာထုပ်၊ မုန်လာဖြူ၊ ဟင်းနုနွယ်တွေမှာ ကယ်လ်စီယမ် ပါတယ်။ စိမ်းတဲ့အသီးအရွက် အမယ်စုံအောင်စားပါ။
လူတွေဟာ အကောင်တွေလိုပဲ၊ စားတဲ့အစာအပေါ်မူတည်ပြီး ရုပ်ရော စိတ်ကိုပါ မတူကြပါ။ ဘာသာရေးအရ အသားရှောင်ရင် ဘာသာရေးအကျိုးရပါလိမ့်မယ်။ လူတိုင်းဟာ ဘယ်ဟာကို ဦးစားပေးမလဲဆိုတဲ့ ဒွိဟကို ကြုံရပြီး၊ ကိုယ့်သဘောအရ ဆုံးဖြတ်လေ့ရှိကြပါတယ်။
ဟင်ဒူဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေထက် ပိုပြီးအသား မစားကြပါ။ နွားနို့ကိုတော့ အတော်သောက်ကြတယ်။ ဒိထက် ပိုသူတွေက ကြက်ဥ စားတယ်။ နောက်တဆင့်သမားတွေက ငါး၊ ကြက်သားစားတယ်။ အမဲသားကိုတော့ ရှောင်ကြတယ်။ အသက်သတ်လွတ်များတဲ့ ဟင်ဒူဘာသာဝင်တွေက သန်းထောင်ဂဏန်းရှိပြီး၊ အမဲသားကို ပင်မစားတဲ့ မွတ်ဆလင်တွေက သန်းထောင်နဲ့ရှိကြတယ်။ ဘာအသားမှမရွေးတဲ့ တရုပ်တွေကလည်း သန်းထောင်ကျော်ရှိတယ်။။
တရုပ်ပြည် လူဦးရေ = ၁့၃၅၇ ဘီလီယန်
အိန္ဒိယနိုင်ငံ လူဦးရေ = ၁့၂၅၂ ဘီလီယန်
တကမ္ဘာလုံး မွတ်ဆလင်လူဦးရေ = ၂့၃၄ ဘီလီယန်
တကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်လူဦးရေ = ၁့၆ ဘီလီယန်
ကျန်းမာရေးအရ ရောဂါတွေကတော့ ဘယ်ဘာသာတရားကိုမှ မခွဲခြားပါ။
ဟင်းသီးဟင်းရွက်ကိုသာစားတာ နဲ့ သက်သတ်လွတ်စားတာ ထပ်တူတော့ မကျပါ။
သက်သတ်လွတ်စားတာမှာလည်း တယောက်နဲ့တယောက် မတူတတ်ပါ။
ဒေါက်တာတင့်ဆွေ
၃-၁၀-၂၀၁၈

Comments
Post a Comment