သရက်ရွက်ကင်ဆာ ခေါ် ပန်ကရိယ ကင်ဆာ ဆေးပြားအတွက် ကြီးမားသော မျှော်လင့်ချက်
— စမ်းသပ်မှုတွင် အကျိတ်များ ပျောက်ကွယ်သွားသည်ကို တွေ့ရ
နေ့စဉ်
သောက်သုံးရသော ဆေးပြား ဒါရက်ဆွန်ရက်ဆစ်ဘ် (Daraxonrasib) သည် အသေအပျောက် အများဆုံး
ကင်ဆာရောဂါများထဲမှ တခုဖြစ်သည့် ဝေဒနာရှင် အချို့တွင် အကျိတ်များကို
ကျုံ့သွားစေပြီး ဖြစ်နိုင်ခြေအရ လုံးဝပင် ပျောက်ကွယ်သွားစေပုံ ရသည်။
ပန်ကရိယ
ကင်ဆာ အများစုကို ဖြစ်ပွားစေသော RAS/KRAS ဗီဇပြောင်းလဲမှုများကို ဟန့်တားပေးသည့်
ပစ်မှတ်ထား သောက်ဆေးတမျိုး ဖြစ်သော ဒါရက်ဆွန်ရက်ဆစ်ဘ် သည် မကြာသေးမီက
စမ်းသပ်မှုတခုတွင် ဓာတုကုထုံး (Chemotherapy) နှင့် တွဲဖက်အသုံးပြုသောအခါ
ဝေဒနာရှင် ၈ ရာခိုင်နှုန်းခန့်တွင် ဓာတ်မှန်/စကင်န် (Scans) များ၌ အကျိတ်များ ရှာမတွေ့နိုင်အောင်
ဖြစ်သွားစေခဲ့ပြီး ပါဝင်သူ ၉၀ ရာခိုင်နှုန်းကျော်တွင် အကျိတ်ကြီးထွားမှုကို
ရပ်တန့်သွားစေခဲ့သည်။
ဘာစီလိုနာမြို့တွင်
ကျင်းပခဲ့သော ဥရောပ ကင်ဆာသုတေသနနှင့် ကုသရေးအဖွဲ့ (European Organisation
for Research and Treatment of Cancer) အစည်းအဝေး၌
တင်ပြခဲ့ပြီး ဘီဘီစီ သတင်း (BBC News) နှင့် သည် ဆန်း (The Sun) တို့တွင် ဖော်ပြခဲ့သော
တွေ့ရှိချက်များအရ ရောဂါအဆင့်မြင့်ပြီး ပျံ့နှံ့နေသော ပန်ကရိယ ကင်ဆာဝေဒနာရှင် ၆၁
ဦးထံမှ အဓိက ရလဒ်များကို သုတေသီများက အစီရင်ခံခဲ့ကြသည် -
အကျိတ်များကို
ရှာမတွေ့နိုင်ခြင်း။ ပျမ်းမျှ စောင့်ကြည့်ကာလ ၁၈ လအကြာတွင် ဝေဒနာရှင် ၈.၂
ရာခိုင်နှုန်း၌ စကင်န်များတွင် ရှာဖွေတွေ့ရှိနိုင်သော အကျိတ်များ မရှိတော့ပေ။
အကျိတ်
ကျုံ့သွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း။ ၆၀.၇ ရာခိုင်နှုန်းမှာ အကျိတ်များ
ကျုံ့သွားသည် သို့မဟုတ် ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
ရောဂါထိန်းချုပ်နိုင်မှု။
ပျမ်းမျှ တနှစ်ခွဲ စောင့်ကြည့်ကာလအတွင်း ၉၀.၂ ရာခိုင်နှုန်းမှာ အကျိတ်များ
ဆက်လက်ကြီးထွားမှု ရပ်တန့်သွားခဲ့သည်။
ရောဂါဆက်လက်
တိုးတက်ပြောင်းလဲမှု မဖြစ်ပွားမီ အချိန်ကာလ။ ကင်ဆာ ပြန်လည်ကြီးထွားလာသည့်
ဝေဒနာရှင်များတွင် ပျမ်းမျှအားဖြင့် ၁၂.၈ လ ကြာမြင့်ခဲ့သည်။
တနှစ်
အသက်ရှင်သန်မှု။ ဓာတုကုထုံး တခုတည်းဖြင့် ပုံမှန်တွေ့ရလေ့ရှိသော ၄၀ မှ ၄၅
ရာခိုင်နှုန်းခန့်နှင့် နှိုင်းယှဉ်ပါက တနှစ်အကြာတွင် ဝေဒနာရှင် ၇၆.၆
ရာခိုင်နှုန်း အသက်ရှင်လျက် ရှိနေကြသည်။
ကန့်သတ်ချက်များနှင့်
လက်ရှိအခြေအနေများအပေါ် ဆရာဝန်များ၏ ပြောကြားချက်များ
အပြီးသတ်
ပျောက်ကင်းကြောင်း သက်သေမပြနိုင်သေးခြင်း။ မီမိုရီယယ် စလုံး ကက်တရင်း (Memorial
Sloan Kettering) မှ
ဒေါက်တာ ဝမ်ကီ ပတ်ခ် (Dr. Wungki Park) နှင့် ယူကေ ကင်ဆာသုတေသန (Cancer Research
UK) ကျွမ်းကျင်သူများ အပါအဝင် ကင်ဆာရောဂါ
အထူးကု ဆရာဝန်များက ဤတွေ့ရှိချက်များကို ကြီးမားသော တိုးတက်မှုတခုဟု
ခေါ်ဆိုကြသော်လည်း ယင်းကို ရောဂါပျောက်ကင်းစေနိုင်သော ကုထုံးဟု ခေါ်ဆိုရန်
သို့မဟုတ် ရောဂါသက်သာပျောက်ကင်းနေသည့် ကာလ မည်မျှကြာရှည်မည်ကို သိရှိရန်မှာ
စောလွန်းသေးကြောင်း သတိပေးထားကြသည်။
အစောပိုင်း
တွဲဖက်အသုံးပြုမှု ဒေတာများ။ ဤစမ်းသပ်မှုသည် တွဲဖက်ကုထုံးကို ဓာတုကုထုံး တခုတည်း
သို့မဟုတ် ကုသမှု မခံယူခြင်းတို့နှင့် တိုက်ရိုက် နှိုင်းယှဉ်ထားခြင်း
မရှိသောကြောင့် ပိုမိုကျယ်ပြန့်သော လေ့လာမှုများ ဆက်လက်လိုအပ်နေသေးသည်။
စည်းမျဉ်းစည်းကမ်းဆိုင်ရာ
အခြေအနေ။ ဒါရက်ဆွန်ရက်ဆစ်ဘ် သည် KRAS ဟန့်တားဆေး တမျိုးဖြစ်ပြီး ယခင်က ကုသမှု
ခံယူခဲ့ဖူးသော ပျံ့နှံ့ပန်ကရိယ ကင်ဆာရှိသည့် အချို့သော အရွယ်ရောက်ပြီးသူများအတွက်
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (U.S. FDA) ၏ ခွင့်ပြုချက်ကို ရရှိထားပြီး
(ယခင်က ကုသမှုခံယူခဲ့ဖူးသော ရောဂါအတွက် အဆင့် ၃ စမ်းသပ်မှုများတွင်လည်း စောစီးစွာ
လေ့လာခဲ့သည်) သို့ရာတွင် ပိုမိုကျယ်ပြန့်သော သို့မဟုတ် ပထမဦးစားပေး
အသုံးပြုမှုများနှင့် အခြားကျန်းမာရေးစနစ်များအတွက် နောက်ထပ် စမ်းသပ်မှုများနှင့်
ပြန်လည်သုံးသပ်မှုများ လိုအပ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment