ပြတ်တောင်းပြတ်တောင်း အစာရှောင်ခြင်း (Intermittent fasting) ဖြင့်

ဆီးချိုရောဂါကို ပြောင်းပြန်လှန်ပေးနိုင်ကြောင်း (ကြွက်များတွင်) လေ့လာမှုက တွေ့ရှိ

အမျိုးအစား (၂) ဆီးချိုရောဂါရှိသော လူနာများကို ကုထုံးဆိုင်ရာ ဆေးဝါးများနှင့် လူနေမှုပုံစံ ပြောင်းလဲခြင်းတို့ ပေါင်းစပ်၍ များသောအားဖြင့် ကုသလေ့ ရှိပါသည်။

အစားအသောက်ဖြင့် ဆီးချိုရောဂါကို ထိန်းချုပ်ရန် ကြိုးစားနေသော လူနာများအတွက် ရှုပ်ထွေးစေနိုင်သည့် အစားအသောက်ဆိုင်ရာ အကြံပြုချက် အမျိုးမျိုး ရှိပါသည်။

Molecular Metabolism ဂျာနယ်တွင် ထုတ်ဝေခဲ့သော လေ့လာမှုတခု၌ မစ်ရှီဂန်တက္ကသိုလ် (University of Michigan) သုတေသီများက ကြွက်များတွင် ကယ်လိုရီကို ချိန်ဆခြင်းရော အစာစားချိန်ကို သတ်မှတ်ခြင်းပါ နှစ်မျိုးလုံးဖြင့် ဆီးချိုရောဂါကို လုံးဝ ပြောင်းပြန်လှန်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါသည်။

ကယ်လိုရီများသော အစားအသောက်ကို စားသုံးနေသည့်တိုင် ကြားကာလ အစာရှောင်ခြင်းက လူနာများတွင် ဆီးချိုရောဂါ၏ သက်ရောက်မှုများကို ပြောင်းပြန်လှန်ပေးရန် ကူညီပေးနိုင်ကြောင်း ၎င်းတို့၏ တွေ့ရှိချက်များက ညွှန်ပြနေပါသည်။

ဘီတာဆဲလ် ဖိစီးမှု (Beta cell stress)

ခန္ဓာကိုယ်အလေးချိန် လွန်ကဲခြင်းက အင်စူလင် (insulin) ကို တုံ့ပြန်နိုင်သည့် ဆဲလ်များ၏ စွမ်းရည်ကို လျော့ကျစေပါသည်။

ရလဒ်အနေဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းချုပ်ထားနိုင်ရန် ပန်ကရိယ (သရက်ရွက် - မုန့်ချိုအိတ်) ရှိ ဘီတာဆဲလ်များက ပုံမှန်ထက် များစွာပို၍ အင်စူလင်ကို ထုတ်လွှတ်ပေးရပါသည်။

ဤဖိစီးမှုသည် နောက်ဆုံးတွင် ဘီတာဆဲလ်များ လုပ်ငန်းဆောင်တာ ပျက်ယွင်းစေပြီး ထိန်းချုပ်မရသော ဆီးချိုရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။

လူနာအများအပြားကို ကိုယ်အလေးချိန် လျှော့ချရန် ကယ်လိုရီစားသုံးမှု လျှော့ချရန် တိုက်တွန်းလေ့ ရှိသော်လည်း၊ အစာစားချိန် သတ်မှတ်ခြင်းက ဘီတာဆဲလ် လုပ်ဆောင်ချက်ကို ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်၊ မပေးနိုင်ကို ဤလေ့လာမှုက စူးစမ်းလေ့လာခဲ့ပါသည်။

တလှည့်စီ အစားအသောက်ပုံစံ (Alternating diet)

ပန်ကရိယ (သရက်ရွက်) ဘီတာဆဲလ်များသည် ပထမဦးစွာ ပရိုအင်စူလင် (proinsulin) ကို ထုတ်လုပ်ပြီး ယင်းမှတဆင့် အင်စူလင်အဖြစ် ပြောင်းလဲပါသည်။

အမျိုးအစား (၂) ဆီးချိုရောဂါရှိသော လူနာများတွင် ပရိုအင်စူလင်သည် အမြဲတမ်း မှန်ကန်စွာ ခေါက်သိမ်းပုံမကျဖြစ်တတ်ရာ၊ ၎င်းက အင်စူလင် ထုတ်လုပ်မှုကို လျော့ကျစေပြီး ဘီတာဆဲလ် ဖိစီးမှု၏ အဓိက အကြောင်းရင်းတခု ဖြစ်ပါသည်။

လေ့လာမှုတွင် သုတေသီများသည် ပရိုအင်စူလင် မော်လီကျူး အနည်းစုတွင် ခေါက်သိမ်းပုံမကျမှုကို ဖြစ်စေသည့် မျိုးရိုးဗီဇ ပြောင်းလဲမှုရှိသော ကြွက်များကို အသုံးပြုခဲ့ပြီး၊ ၎င်းတို့သည် အဆီများသော အစားအသောက်ကြောင့် ဖြစ်ပွားသည့် ဆီးချိုရောဂါကို ထိခိုက်လွယ်စေပါသည်။

အဆီများသော အစားအသောက်ကြောင့် ကိုယ်အလေးချိန် တက်လာသောအခါ ဤကြွက်များသည် ရက်သတ္တပတ် အနည်းငယ်အတွင်း ဆီးချိုရောဂါ ဖြစ်ပွားလာပါသည်။

ထို့နောက် ဆီးချိုရှိသော ကြွက်များကို အုပ်စုနှစ်စု ခွဲလိုက်ပါသည်- တအုပ်စုမှာ ကယ်လိုရီနည်းသော အစားအသောက်ကို ဆက်တိုက်စားသုံးနိုင်ပြီး၊ အခြားတအုပ်စုမှာ အဆီများသော အစားအသောက်ကို ဆက်လက်စားသုံးသော်လည်း တရက်ခြားစီသာ ကျွေးမွေးခဲ့ပါသည်။

ရက်သတ္တပတ် ငါးပတ်အဆုံးတွင် အုပ်စုနှစ်စုလုံး တူညီသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်သော်လည်း၊ ဒုတိယအုပ်စုမှာမူ ၎င်းတို့၏ သွေးတွင်းသကြားဓာတ် ပမာဏကို ပုံမှန်အခြေအနေသို့ လုံးဝ ပြောင်းပြန်လှန် ပြန်လည်ကောင်းမွန်စေခဲ့ပါသည်။

အစာရှောင်ခြင်းက ဘီတာဆဲလ်များကို အနားယူချိန် ပေးခဲ့သောကြောင့် ၎င်းတို့ထုတ်လုပ်လိုက်သော အင်စူလင်ကို ပိုမိုကောင်းမွန်စွာ သိုလှောင်နိုင်ခဲ့ပါသည်။ ထို့နောက် ကြွက်များကို အစာကျွေးချိန်တွင် အင်စူလင်ကို ပိုမိုထုတ်လွှတ်ပေးနိုင်ခဲ့ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ