MMR ဝက်သက်ရောဂါ ကာကွယ်ဆေး

(၁)

မထိုးနှံရသေးသူများ (သို့မဟုတ်) ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ၊ မရှိ မသိရသူများ ၂၀၂၆ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ အတည်ပြုခဲ့သော ဝက်သက်ရောဂါ ဖြစ်ပွားမှုများ၏ ၉၆% အထိ ပါဝင်နေပြီး MMR ကာကွယ်ဆေး ထိုးနှံထားသည့် မှတ်တမ်းရှိသူမှာ ၄% သာ ရှိပါသည်။ မကြာသေးမီက အမေရိကန်နိုင်ငံ၏ ဖြစ်ပွားမှု အခြေအနေ (၂၀၂၅–၂၀၂၆)

• ၂၀၂၆ ခုနှစ် (နိုဝင်ဘာလလယ်အထိ): အတည်ပြုခဲ့သော ရောဂါဖြစ်ပွားမှု ၅,၄၁၂ ခုအနက် ၉၆% မှာ ကာကွယ်ဆေး မထိုးနှံရသေးသူ (သို့မဟုတ်) ကာကွယ်ဆေး အခြေအနေ မသိရသူများ ဖြစ်ပြီး ၄% မှာ ကာကွယ်ဆေး ထိုးနှံထားသူများ ဖြစ်ပါသည်။

• ၂၀၂၅ ခုနှစ် (တနှစ်တာလုံး): အတည်ပြုခဲ့သော ရောဂါဖြစ်ပွားမှု ၂,၂၈၉ ခုအနက် ၉၃% မှာ ကာကွယ်ဆေး မထိုးနှံရသေးသူ (သို့မဟုတ်) ကာကွယ်ဆေး အခြေအနေ မသိရသူများ ဖြစ်ပါသည်။ ကာကွယ်ဆေး မထိုးနှံထားသူများကြောင့် ရောဂါဖြစ်ပွားမှု မြင့်တက်ရခြင်း အကြောင်းရင်းများ

• ကူးစက်နိုင်စွမ်း အလွန်မြင့်မားခြင်း: ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိသော ကာကွယ်ဆေး မထိုးထားသူ ၁၀ ဦးတွင် ၉ ဦးခန့် ရောဂါကူးစက်ခံရလေ့ ရှိပါသည်။

• ကာကွယ်ဆေး၏ အာနိသင် ထိရောက်မှု: MMR ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားခြင်းသည် ဝက်သက်ရောဂါကို ကာကွယ်ရာတွင် ၉၇% ခန့် ထိရောက်မှု ရှိပါသည်။

• ကာကွယ်ဆေး ထိုးထားသော်လည်း ရောဂါကူးစက်ခံရခြင်း (Breakthrough cases): မည်သည့် ကာကွယ်ဆေးမျှ ၁၀၀% အပြည့်အဝ ထိရောက်မှု မရှိနိုင်သောကြောင့် ကာကွယ်ဆေး ထိုးနှံထားသူများတွင် တခါတရံ ရောဂါကူးစက်ခံရတတ်သော်လည်း ယေဘုယျအားဖြင့် ရောဂါလက္ခဏာ ပိုမိုပျော့ပြောင်းပြီး ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေ နည်းပါးပါသည်။

(၂)

လက်ရှိ အမေရိကန် ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုဌာန (HHS) ဝန်ကြီးဖြစ်သူ ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာ (Robert F. Kennedy Jr. - RFK Jr.) ၏ ကာကွယ်ဆေးများအပေါ် ရပ်တည်ချက်သည် ကာကွယ်ဆေးများနှင့် ပတ်သက်၍ နှစ်ရှည်လများ သံသယရှိခဲ့သည့် သမိုင်းကြောင်းနှင့်အတူ အချို့သော ကာကွယ်ဆေးများကို ထောက်ခံကြောင်း ပြောဆိုမှုများ နှင့် “ဆေးပညာဆိုင်ရာ လွတ်လပ်ခွင့် (Medical freedom)” အယူအဆတို့ ရောယှက်နေသော သဘောထား ဖြစ်ပါသည်။ ဖော်ပြထားသော ဒဿနနှင့် ယခင်ရပ်တည်ချက်များ

• ဘေးကင်းလုံခြုံရေးအပေါ် သံသယနှင့် သိပ္ပံနည်းကျ မှားယွင်းကြောင်း သက်သေပြပြီးသော ပြောဆိုချက်များ။ ၂၀၂၅ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီး မဖြစ်မီ ကနေဒီသည် ကာကွယ်ဆေးဆန့်ကျင်ရေး အဖွဲ့အစည်းဖြစ်သည့် Children's Health Defense ကို တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်နှစ်ခုကြာ ကာကွယ်ဆေးများ၏ ဘေးကင်းလုံခြုံရေးကို မေးခွန်းထုတ်ခဲ့ပါသည်။ BBC News နှင့် USA Today တို့၏ ဖော်ပြချက်အရ ကလေးငယ်များထိုးသည့် ကာကွယ်ဆေးများကြောင့် အော်တဇင် (Autism) ဖြစ်စေသည်ဟူသော သိပ္ပံနည်းကျ မှားယွင်းကြောင်း သက်သေပြပြီး ဖြစ်သည့် ပြောဆိုချက်ကို သူက ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီး အင်တာဗျူးများတွင် “မည်သည့်” ကာကွယ်ဆေးမျှ ဘေးကင်းပြီး ထိရောက်မှု မရှိဟု ပြောကြားခဲ့သည့်အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို “ထုတ်လုပ်ခဲ့သမျှတွင် အသေအပျောက် အများဆုံး” ဟု ခေါ်ဝေါ်ခဲ့ပါသည်။

• ရွေးချယ်ခွင့်နှင့် ယုံကြည်မှုကို အခြေခံ၍ ရှုမြင်တင်ပြခြင်း။ ကနေဒီသည် “ကာကွယ်ဆေးဆန့်ကျင်သူ (anti-vaccine)” ဟူသော တံဆိပ်ကပ်မှုကို ငြင်းပယ်ပြီး ၎င်းနှင့် ၎င်း၏ ကလေးများတွင် ကာကွယ်ဆေး ထိုးနှံထားကြောင်း၊ ၎င်း၏ ရည်ရွယ်ချက်မှာ ကာကွယ်ဆေးများကို ရုပ်သိမ်းပစ်ရန် မဟုတ်ဘဲ ဘေးကင်းလုံခြုံရေး စမ်းသပ်မှုများကို ပိုမိုကောင်းမွန်စေရန်၊ ဆေးဝါးကုမ္ပဏီများ၏ အကျိုးစီးပွား ပဋိပက္ခများကို ဖယ်ရှားရန်နှင့် လူတဦးချင်းစီကို အသိပညာဗဟုသုတအပြည့်အစုံဖြင့် ကိုယ်ပိုင်ရွေးချယ်ခွင့် ပြုရန်သာ ဖြစ်ကြောင်း ပြောဆိုထားပါသည်။

• ဝက်သက်ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားမှု မရှိသော သတင်းစကားများ။ ၂၀၂၅ ခုနှစ် အတည်ပြု ကြားနာပွဲများအတွင်းနှင့် အမေရိကန်နိုင်ငံတွင် ဝက်သက်ရောဂါ ဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ကနေဒီက ဝက်သက်နှင့် ပိုလီယို ကာကွယ်ဆေးများကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး MMR ကာကွယ်ဆေးကို “အလွန်အရေးကြီးသည်” ဟု ခေါ်ဆိုကာ ဝက်သက်ရောဂါကို ၉၇% ခန့်အထိ တားဆီးပေးနိုင်ကြောင်း ထောက်ပြခဲ့ပါသည်။ တချိန်တည်းမှာပင် ဗီတာမင် အေ (Vitamin A) နှင့် ငါးကြီးဆီ (Cod liver oil) ကဲ့သို့သော အခြားကုထုံးများကို အလေးပေး ပြောဆိုခဲ့ပြီး ကာကွယ်ဆေးအားလုံးကို စနစ်တကျ စိစစ်မှု ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ကာ ပေါင်းစပ်ထားသော MMR ကာကွယ်ဆေးကို တမျိုးချင်းစီ ခွဲထုတ်ထိုးနှံရန် တိုက်တွန်းခဲ့ပါသည်။ HHS ဝန်ကြီးအဖြစ် အဓိက မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များ (၂၀၂၅–၂၀၂၆) ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ရာထူးတာဝန် စတင်ထမ်းဆောင်ချိန်မှစ၍ ကနေဒီသည် ပြည်ထောင်စု ကာကွယ်ဆေးထိုး လမ်းညွှန်ချက်များအပေါ် ကျယ်ပြန့်သော ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ပြီး ယင်းတို့အနက် အများအပြားမှာ ဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့် ထင်ရှားသော ဆေးပညာအဖွဲ့အစည်းကြီးများ၏ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်-

• CDC ကာကွယ်ဆေးအကြံပေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်း။ ၂၀၂၅ ခုနှစ် ဇွန်လတွင် ကနေဒီသည် CDC ၏ ကာကွယ်ဆေးထိုးနှံမှု အလေ့အကျင့်ဆိုင်ရာ အကြံပေးကော်မတီ (ACIP) အဖွဲ့ဝင် ၁၇ ဦးစလုံးကို ထုတ်ပယ်ခဲ့ပြီး အများပြည်သူ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်နှင့် အကျိုးစီးပွား ပဋိပက္ပများကို ဖယ်ရှားရန် လိုအပ်သည်ဟု အကြောင်းပြခဲ့ကာ ယခင်က ကာကွယ်ဆေး ဘေးကင်းလုံခြုံရေးကို မေးခွန်းထုတ်ခဲ့ဖူးသူ အများအပြား ပါဝင်သော အဖွဲ့ဝင်အသစ်များကို ခန့်အပ်ခဲ့ပါသည်။

• ကလေးငယ်များ၏ ကာကွယ်ဆေးထိုး အစီအစဉ်ကို လျှော့ချခြင်း။ ကနေဒီ၏ ဦးဆောင်မှုအောက်တွင် ပြည်ထောင်စု ကျန်းမာရေးတာဝန်ရှိသူများသည် ကိုဗစ်-၁၉၊ ရိုတာဗိုင်းရပ်စ် (rotavirus)၊ တုပ်ကွေး (influenza)၊ အသည်းရောင် အသားဝါ အေ (hepatitis A)၊ အသည်းရောင် အသားဝါ ဘီ (hepatitis B) နှင့် ဦးနှောက်အမြှေးရောင် (meningococcal) ကာကွယ်ဆေးများအတွက် ကလေးငယ်တိုင်း ထိုးနှံရန် ယေဘုယျ အကြံပြုချက်များကို ရုပ်သိမ်းရန် ကြိုးပမ်းခဲ့ပြီး ယင်းအစား ဖြစ်နိုင်ခြေမြင့်မားသော အုပ်စုများ သို့မဟုတ် ဆရာဝန်နှင့် “အပြန်အလှန် ဆေးပညာဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှု (shared clinical decision-making)” အဖြစ်သာ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် မတ်လတွင် ဖက်ဒရယ်တရားသူကြီးတဦးက အဆိုပါ အစီအစဉ် ပြောင်းလဲမှု အများအပြားကို ယာယီတားဆီးခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့က အမှုဆောင်အမိန့် (executive order) မှတဆင့် ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေဆဲ ဖြစ်ပါသည်။

• သုတေသနထောက်ပံ့မှုများ ဖြတ်တောက်ခြင်းနှင့် သတင်းစကားများ ပြောင်းလဲခြင်း။ ကနေဒီသည် ပြည်ထောင်စု mRNA ကာကွယ်ဆေး သုတေသန ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကို ပယ်ဖျက်ခဲ့ပြီး ကာကွယ်ဆေးများနှင့် အော်တဇင် (autism) ဆိုင်ရာ CDC ဝက်ဘ်စာမျက်နှာများကို ပြင်ဆင်မွမ်းမံရန် ညွှန်ကြားခဲ့ရာ Center for American Progress ကဲ့သို့သော ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းများနှင့် ဆေးပညာခေါင်းဆောင်များထံမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ၎င်း၏ မူဝါဒများသည် ခိုင်မာတည်ရှိပြီးဖြစ်သော သိပ္ပံပညာကို ထိခိုက်စေပြီး ကျန်းမာရေးအာမခံ အကျုံးဝင်မှုကိုလည်း ခြိမ်းခြောက်နေကြောင်း ထောက်ပြပြောဆိုခဲ့ကြပါသည်။

(၃)

ယခုအခါ ၎င်းသည် ကာကွယ်ဆေးအပေါ် ၎င်း၏ အမြင်ကို ပြောင်းလဲရန် ဖိအားပေးခံခဲ့ရပါသည်။ ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာ (Robert F. Kennedy Jr.) သည် ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (MMR) ကို အခိုင်အမာ ထောက်ခံကြောင်း အများပြည်သူသို့ ပြောဆိုသည့် သတင်းစကားကို ပြောင်းလဲခဲ့သော်လည်း၊ ၎င်း၏ ပိုမိုကျယ်ပြန့်သော ပြည်ထောင်စု မူဝါဒများကမူ ပုံမှန် ကာကွယ်ဆေးထိုးနှံမှု လမ်းညွှန်ချက်များကို ဆက်လက် လျှော့ချနေဆဲဖြစ်ကြောင်း ဝေဖန်သူများနှင့် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများက ထောက်ပြကြပါသည်။ ပြောဆိုသည့် သတင်းစကား အပြောင်းအလဲ (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ)

• ဝက်သက်ရောဂါ ကင်းစင်ကြောင်း အဆင့်သတ်မှတ်ချက် ရုပ်သိမ်းခံရခြင်း- ၂၀၂၆ ခုနှစ်အတွင်း ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားသူဦးရေ ၅,၄၀၀ ကျော်သွားပြီးနောက် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပန်အမေရိကန် ကျန်းမာရေးအဖွဲ့ (PAHO) သည် အမေရိကန်နိုင်ငံက ၂၆ နှစ်ကြာ ထိန်းသိမ်းထားခဲ့သည့် ဝက်သက်ရောဂါ အမြစ်ပြတ်ကင်းစင်ကြောင်း သတ်မှတ်ချက် (measles elimination status) ကို ရုပ်သိမ်းခဲ့ပါသည်။

• MMR ကာကွယ်ဆေးကို ထောက်ခံအားပေးခြင်း- မကြာမီမှာပင် ကနေဒီက အဆိုပါ အမြစ်ပြတ်ကင်းစင်ကြောင်း အဆင့်သတ်မှတ်ချက်ကို ပြန်လည်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး “ဝက်သက်ရောဂါကို ကာကွယ်ရန် အထိရောက်ဆုံး နည်းလမ်းအဖြစ် MMR ကာကွယ်ဆေး ထိုးနှံရန် ကျွန်ုပ် ဆက်လက် တိုက်တွန်းပါသည်” ဟု ဖော်ပြခဲ့ပါသည်။

• ရောဂါဖြစ်ပွားမှု နောက်ခံအခြေအနေ- USA Today နှင့် The Hill တို့၏ ဖော်ပြချက်အရ ကနေဒီသည် ကာကွယ်ဆေးထိုးနှံမှု ကွာဟချက်များအတွက် ကပ်ရောဂါကာလအတွင်း အနှောင့်အယှက်ဖြစ်ခဲ့မှုများကို အပြစ်တင်ခဲ့ပြီး ဒေသန္တရ ကျန်းမာရေးဌာနများသို့ ခွဲဝေချထားပေးသည့် ပြည်ထောင်စု အကူအညီ ဒေါ်လာ သန်း ၁၀၀ ကို ထောက်ပြပြောဆိုခဲ့ပါသည်။ ဝေဖန်သူများက အလုံးစုံ ပြောင်းလဲခြင်း မဟုတ်ဘဲ ဦးတည်ချက် အနည်းငယ် ပြောင်းလဲရုံသာ ဖြစ်သည်ဟု ရှုမြင်ရခြင်း အကြောင်းရင်းများ

• ပြောဆိုမှု လေသံ ကွဲပြားခြားနားခြင်း- ယခင်က Children's Health Defense အဖွဲ့ကို ဦးဆောင်ခဲ့ပြီး ကာကွယ်ဆေး ဘေးကင်းလုံခြုံရေးကို မေးခွန်းထုတ်ခဲ့ဖူးသည့် ၎င်းအနေဖြင့် MMR ကာကွယ်ဆေးကို တိုက်ရိုက် ထောက်ခံလာခြင်းသည် သိသာထင်ရှားသော လေသံအပြောင်းအလဲတခု ဖြစ်ပါသည်။

• မူဝါဒပိုင်းဆိုင်ရာ လျှော့ချမှုများ- ပိုမိုကျယ်ပြန့်သော လုပ်ဆောင်ချက်များကမူ ကာကွယ်ဆေးထိုးနှံမှုများကို ဆက်လက် ကန့်သတ်နေဆဲဖြစ်ကြောင်း ဝေဖန်သူများက အလေးပေး ပြောကြားကြပါသည်။ ၂၀၂၆ ခုနှစ်တွင် ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုဌာန (HHS) သည် ကလေးငယ်တိုင်း ထိုးနှံရမည့် ကာကွယ်ဆေး အစီအစဉ်ကို ရောဂါ ၁၇ မျိုးမှ ၁၁ မျိုးသို့ လျှော့ချရန် လုပ်ဆောင်ခဲ့ပြီး — ယင်းလုပ်ဆောင်ချက်ကို မတ်လတွင် တရားသူကြီးတဦးက ယာယီတားဆီးခဲ့သော်လည်း ဩဂုတ်လတွင် အမှုဆောင်အမိန့် (executive order) ဖြင့် ဆက်လက် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ပါသည် — ထို့အပြင် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က အတည်ပြုထားသော တမျိုးချင်းစီ ထိုးနှံနိုင်သည့် အစားထိုးကာကွယ်ဆေး (single-antigen alternatives) မရှိသော်လည်း ပေါင်းစပ်ထားသော MMR ကာကွယ်ဆေးကို ခွဲထုတ်ရန် ကြိုးပမ်းခဲ့ပါသည်။

ကောက်ချက်

ကျန်းမာရေးနဲ့ ဆေးပညာကို သိပ္ပံနည်းကျ မသိနားမလည်သူကို ကျန်းမာရေးဝန်ကြီးခန့်ခြင်းကြောင့် ကလေးပေါင်များစွာ (အလားတူ လူကြီးပေါင်းများစွာ) ဒုက္ခရောက်၊ အသက်ပျောက်ရစေနိုင်ကြောင်း သင်ခန်းစာပေးပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ