The Omega Balance အိုမီဂါ ညီမျှမှု

 

ပုံမှန် အမေရိကန်အစားအစာ အများစုသည် ထုပ်ပိုးထားသော ပြုပြင်ထားသည့် အစားအစာများမှ လာသဖြင့် လူအများစုသည် အာဟာရပြည့်ဝသည့် အိုမီဂါ-၃ ကို စားသုံးမိသည်ထက် အရည်အသွေး ညံ့ဖျင်းပြီး ရောင်ရမ်းမှုကို အားပေးသော အိုမီဂါ-၆ များကို ပိုမိုစားသုံးမိနေကြပါသည်။

ဤကဲ့သို့ မညီမျှမှုသည် ခန္ဓာကိုယ်အတွင်း အိုမီဂါ-၃ ၏ ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့ကြောင့် အိုမီဂါ-၃ ကြွယ်ဝသော အစားအစာများကို ဂရုတစိုက် စားသုံးနေပြီး နေ့စဉ် ဖြည့်စွက်ဆေးများ သောက်သုံးနေပါသော်လည်း ၎င်းတို့၏ တာဝန်များကို ထိရောက်စွာ မလုပ်ဆောင်နိုင်ကြတော့ပါ။

အိုမီဂါ-၃ အဆီအက်ဆစ်တွင် အာလဖာ-လီနိုလင်းနစ် အက်ဆစ် (ALA)၊ အီကိုဆာပင်တာအီးနိုအစ် အက်ဆစ် (EPA) နှင့် ဒိုကိုဆာဟက်ဆာအီးနိုအစ် အက်ဆစ် (DHA) တို့ ပါဝင်ပါသည်။ ALA ကို မရှိမဖြစ်လိုအပ်သော အဆီအက်ဆစ် (EFA) ၏ မူလရင်းမြစ် သို့မဟုတ် အခြေခံအဖြစ် ယူဆကြပါသည်။ ၎င်းကို နှမ်းကြတ်စေ့ဆီ (flax oil)၊ နှမ်းကြတ်စေ့ (flax seeds) ၊ သစ်ကြားသီး၊ ဘိန်းစေ့/ချည်မျှင်စေ့အနွယ်များ (hemp) နှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များတွင် တွေ့ရှိရပြီး ခန္ဓာကိုယ်အတွင်း၌ EPA နှင့် DHA အဖြစ်သို့ ပြောင်းလဲပေးပါသည်။

သို့သော် ဤသို့ ပြောင်းလဲမှုသည် အလွန်နည်းပါးသော နှုန်းထားဖြင့်သာ ဖြစ်ပေါ်ပါသည်။ ကလေးမွေးဖွားနိုင်သော အရွယ်ရှိ အမျိုးသမီးများသည် စားသုံးလိုက်သော ALA ၏ ၂၁ ရာခိုင်နှုန်းခန့်ကို EPA အဖြစ်သို့လည်းကောင်း၊ ၉ ရာခိုင်နှုန်းခန့်ကို DHA အဖြစ်သို့လည်းကောင်း ပြောင်းလဲပေးနိုင်သော်လည်း အသက် ၄၀ ကျော်လာချိန်တွင် ထိုနှုန်းထားများ သိသာစွာ လျော့နည်းသွားပါသည်။ လူငယ်အမျိုးသားများတွင်မူ ALA ၏ ၈ ရာခိုင်နှုန်းခန့်ကိုသာ EPA အဖြစ်သို့ လည်းကောင်း၊ ၄ ရာခိုင်နှုန်းအောက်ကိုသာ DHA အဖြစ်သို့ လည်းကောင်း ပြောင်းလဲနိုင်ကြပါသည်။

အထူးသဖြင့် DHA ပမာဏ လျော့နည်းခြင်းသည် အသက်ကြီးသူများတွင် စက္ခုလွှာယိုယွင်းခြင်း (macular degeneration)၊ မှတ်ဉာဏ်ချို့ယွင်းခြင်း သို့မဟုတ် သူငယ်ပြန်ရောဂါဖြစ်နိုင်ခြေ မြင့်မားခြင်းတို့နှင့် ဆက်စပ်နေပါသည်။

အိုမီဂါ-၃ ကဲ့သို့ပင် အိုမီဂါ-၆ တွင်လည်း အရေးပါသော ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ ရှိပါသည်။ ၎င်းတို့သည် ဦးနှောက်လုပ်ဆောင်ချက်နှင့် ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း၊ အရေပြားနှင့် ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးခြင်း၊ အရိုးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ဇီဝရုပ်ဖြစ်ပျက်မှုကို ထိန်းညှိပေးခြင်းနှင့် မျိုးပွားအင်္ဂါစနစ်ကို အားကောင်းစေခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ ထို့အပြင် သင် ဖျားနာသည့်အခါ သို့မဟုတ် ဒဏ်ရာရသည့်အခါ ခန္ဓာကိုယ်၏ ရောင်ရမ်းမှုဆိုင်ရာ တုံ့ပြန်မှုကိုလည်း စတင်ပေးပါသည်။

ခန္ဓာကိုယ်အတွင်း အိုမီဂါ-၃ နှင့် အိုမီဂါ-၆ ပမာဏ တူညီမျှတစွာ ရှိနေသည့်အခါ ၎င်းတို့သည် တခုနှင့်တခု အပြန်အလှန် အထောက်အကူပြုပြီး ကိုယ်ခံအားစနစ်ကို ထိန်းချုပ်ပေးပါသည်။ သို့သော် ထိုညီမျှမှု ပျက်ပြားသွားသည့်အခါ (ဆိုလိုသည်မှာ အိုမီဂါ-၃ ထက် အိုမီဂါ-၆ ကို ပိုမိုများပြားစွာ စားသုံးမိသည့်အခါ) ခန္ဓာကိုယ်၌ ရောင်ရမ်းလွယ်သော ပတ်ဝန်းကျင်တခု ဖြစ်ပေါ်လာပြီး ပြဿနာများဆီသို့ ဦးတည်သွားစေပါသည်။

အိုမီဂါ-၃ နှင့် အိုမီဂါ-၆ အဆီအက်ဆစ်များကို ဆဲလ်အမြှေးပါးများအတွင်း သိုလှောင်ထားပြီး ထိုနေရာတွင် တည်ဆောက်ပုံကို ထောက်ပံ့ပေးခြင်းနှင့် ပျော့ပျောင်းစိမ့်ဝင်နိုင်စွမ်းကို ထိန်းချုပ်ပေးခြင်းတို့ ပြုလုပ်ပေးပါသည်။ ထိုနေရာ၌ပင် အင်ဇိုင်းအမျိုးမျိုးက ဤအဆီအက်ဆစ်များကို ဟော်မုန်းကဲ့သို့သော ဒြပ်ပေါင်းများအဖြစ်သို့ ပြောင်းလဲပေးကာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှု သို့မဟုတ် ရောင်ရမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများကို အချက်ပြပေးပါသည်။

တနေ့လျှင် DHA နှင့် EPA ၂၅၀ မှ ၅၀၀ မီလီဂရမ်အထိ စားသုံးရန် အကြံပြုထားပါသည်။ သင့်တွင် နှလုံးသွေးကြောကျဉ်းရောဂါကဲ့သို့ ကျန်းမာရေးပြဿနာမရှိပါက (ထိုသို့ရှိပါက အမေရိကန် နှလုံးအသင်းက ပိုမိုစားသုံးရန် အကြံပြုပါသည်) တပတ်လျှင် ငါး ၂ ကြိမ် စားသုံးပေးခြင်းဖြင့် လိုအပ်သော ပမာဏကို ရရှိနိုင်ပါသည်။

ငါးစားသုံးခြင်းသည် DHA နှင့် EPA ပမာဏကို မြှင့်တင်ရာတွင် ဖြည့်စွက်ဆေးများ သောက်သုံးခြင်းထက် ပိုမိုထိရောက်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ကြပါသည်။ ငါးတွင် ငါးဆီ၌ မပါဝင်သော ဇီဝရုပ်က စုပ်ယူရလွယ်ကူသည့် အာဟာရဓာတ်များ (ဆီလီနီယမ်၊ ဇင့်၊ သံဓာတ်နှင့် စုပ်ယူရလွယ်ကူသော ပရိုတင်းများ ပါဝင်သောကြောင့်) ပါဝင်နေခြင်းကြောင့်ဟု ၎င်းတို့က ယူဆကြပါသည်။ သဘာဝ အစားအစာများနှင့် ပိုမိုကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးခြင်းက အိုမီဂါ-၆ နှင့် အိုမီဂါ-၃ အချိုးအစားကို သဘာဝအတိုင်း ပိုမိုညီညွတ်မျှတစေရန် ကူညီပေးပါလိမ့်မည်။

မရှိမဖြစ်လိုအပ်သော အဆီအက်ဆစ်များကဲ့သို့ သြဇာညောင်းသော အာဟာရစွမ်းအားများနှင့်အတူ မှန်ကန်သော ညီမျှမှုကို ရှာဖွေခြင်းသည် သင့်ကျန်းမာရေးနှင့် သုခချမ်းသာအတွက် များစွာ ထူးခြား ခြားနားမှု ဖြစ်ပေါ်စေနိုင်ပါသည်။

အိုမီဂါ ညီမျှမှုအတွက် ဖြည့်စွက်စာ စားသုံးနည်း သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ချီယာစေ့၊ ဘိန်းစေ့/ချည်မျှင်စေ့အနွယ်များ (hemp) နှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ ALA ကြွယ်ဝသော အစားအစာများကို ပိုမိုစားသုံးပါ။ နနွင်းနှင့် ငရုတ်ကောင်းနက်တို့ကိုလည်း သောက်သုံးရန် အကြံပြုထားပြီး၊ ဤဟင်းခတ်အမွှေးအကြိုင်များတွင် ပါဝင်သော အစိတ်အပိုင်းများသည် ALA မှ DHA နှင့် EPA အဖြစ်သို့ ပြောင်းလဲမှုကို တိုးတက်စေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ