Pus ပြည်ပေါက် ပျောက်ပြီ

၁။ ဆရာခင်ဗျား၊ ကျွန်တော်က အထိုင်များပါတယ်၊ မြီးညောင့်ရိုးနားမှာ အနာစိမ်းလိုမျိူးပေါက်နေတာ ၃ နှစ်လောက် ရှိပါပြီ၊ တခါတခါ ပြည်တည်ပါတယ်၊ ဆေးခန်းပြတော့ ပိုးသတ်ဆေးသာ သောက်ခိုင်းပါတယ်၊ ခွဲလိုက်သင့်လားခင်ဗျာ။ အဖုက ပိန်သွားလိုက် နောက်ကျ ဖောင်းလာလိုက်နဲ့ အနေရခတ်ပါတယ်။ တသက်လုံးမပျောက်ပဲ ဖြစ်နေမှာ ကြောက်လို့ပါ။ ဖြေကြားပေးပါခင်ဗျာ။ အသက် ၂၉ အမျိုးသားပါခင်ဗျာ။

၂။ မင်္ဂလာပါဆရာ၊ ကိုယ်ဝန်နှင့်တုန်းက ဆရာ့ကိုသိလိုတာတွေမေးဖူးပါတယ်ရှင့်။ ကျွန်မအသက် ၃၁နှစ်ပါ။ ကလေးမွေးထားတာတစ်လကျော်ပါပြီ။ ခွဲမွေးထားတာပါ။ ကျွန်မသိချင်တာကသားလေးရဲ့နို့သီးခေါင်းမှာပြည်ဖုလိုမျိုးတွေ့နေလို့ပါရှင့်။ ယောက္ခမကတော့ပြောတယ်။ ညစ်ထုတ်ပေးရတယ်တဲ့။ ညှစ်လိုက်ရင်နို့ရည်လေးတွေထွက်လာတယ်ဆရာ။ အဲဒါညစ်ရမလား  ဒီတိုင်းဘဲထားရမလားရှင့်။ ဆရာနှင့်ဆရာ့မိသားစုကျန်းမာကြပါစေ။

ပြည်ဆိုတာ ဘယ်နေရာမှာရှိရှိ ထွက်စေအောင်လုပ်ရတယ်။ ပိုးသေဆေး + အနာသက်သာဆေး လိုနိုင်တယ်။ ကလေးငယ်တွေဆေးပေးတာ သတိထားရတယ်။

၃။ သမီးအသက်က ၃၁ နှစ်ပါ။ တာမွေမြို့နယ်၊ ရန်ကုန်မှာ နေထိုင်ပါတယ်ရှင်။ ကိုယ်ဝန် ၈ လရှိပါပြီဆရာ။ ခုသွားကိုက်ပြီး ပါးပါရောင်နေတာ တပတ်လောက်ရှိပါပြီ။ သွားဆရာဝန်ကိုပြတော့ Enzdase နဲ့ Augmentin 1g ကို့ တနေ့သုံးကြိမ် ၃ ရက် သောက်ခိုင်းပါတယ်။ တရက်လောက်သောက်ခိုင်းပြီး မသက်သာရင် ဆေးထိုးပြီးခွဲရမယ်လို့ ပြောပါတယ်။ အဲဒါ ကလေးကိုထိ ခိုက်နိုင်ပါလားဆရာ။ သမီးက ခုမှသားဦးကိုယ်ဝန်မို့လို့ စိုးရိမ်လို့ပါဆရာ။ အံဆုံးဖာထားတဲ့နေရာနဲ့ သွားဖုံးပေါ်အောက်က ပြည်တည်ပြီး မေးရိုးနဲ့ပါးပါရောင်နေလို့ပါ။

သွားဆရာဝန်ကလုပ်ပေးတာဆိုရင် မစိုးရိမ်ရပါ။ ပြည်ဆိုတာ ဘယ်နေရာမှာရှိရှိ ထုတ်ပြစ်မှသာပျောက်တယ်။ Augmentin က ပင်နယ်စလင်ဖြစ်လို့ ကိုယ်ဝန်လည်းသုံးနိုင်ပါတယ်။ အနာသက်သာဆေးတော့ မတွေ့ပါ။ ဆားရည်နဲ့ပလုပ်ကျဉ်းတာ အလွန်ကောင်းပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင်။

ဆရာရေ ဒီနေ့တော့ သမီးမသက်သာလို့ဆေးရုံတက်လိုက်ရပါတယ်။ မေ့ဆေးပေးပြီး မေးရိုးကိုဖောက်ပြီး ပြည်ကို စုပ်ထုတ်မယ်တဲ့ဆရာ။ သမီးကမလုပ်ရဲဘူးပြောတော့ သမီးကိုပိုးသတ်ဆေးအွန်ထားပါတယ်ဆရာ။ သက်သာရင်တော့ မခွဲဘူးလို့တော့ ပြောပါတယ်ဆရာ။ အဲဒါကသမီးကို အွန်ထားတဲ့ ပိုးသတ်ဆေးပါဆရာ။ ၃ ကြိမ်ထိုးရမယ်လို့ပြောပါတယ်။ အဲဒီဆေးကရော ကလေးအပေါ် side effect ဖြစ်နိုင်လားဆရာ။ သမီးလဲအရမ်းစိုးရိမ်နေမိပါတယ်ဆရာရှင့်။

ပြည်ရှိတဲ့အနာကို Abscess ခေါ်ပါတယ်။ နေရာတကာမှာဖြစ်နိုင်တယ်။ ပြည်မတည်ခင် အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါးဖြစ်လာတယ်။ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့အလုပ်ကို မလုပ်နိုင်ဖြစ်လာတယ်။ ဒီအဆင့်မှာ ပိုးကိုနိုင်တဲ့ဆေးတွေ ပေးရမှာပါ။

ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။ အိမ်တိုင်းမှာရှိတယ်။ အိမ်တိုင်း (ပါရာစီတမော) နဲ့ (အိုင်ဘူပရိုဖင်) သုံးကြတယ်။ ဒီဆေးမျိုးက အဖျားကျ၊ အနာသက်သာပြီး အရောင်လျှော့စေတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃-၄ ကြိမ်၊ အစာနု့သောက်သင့်တယ်။ လေနာရှိ မရှိတော့ သတိထားရတယ်။ ပါရာစီတမောဆိုရင် အသည်းကောင်းသူသာသင့်တယ်။

မေးတဲ့သူပြောတဲ့ Ceftriaxone ကို FDA က Vategory B လို့ သတ်မှတ်ထားတယ်။ ဘေးထွက်ဆိုးတာထက် အကျိုးက ပိုရင် ကိုယ်ဝန်မှာလည်း သုံးနိုင်ပါတယ်။

ပြည်ကို ဆေးစာနဲ့ Pus ခေါ်တယ်။ ပြည်ထဲမှာ သွေးဖြူဥအပျက်အစီးတွေနဲ့ ပိုးအသေတွေပါတယ်။ ပိုးအမျိုးအစားအလိုက် ပြည်အရောင်၊ အနံ့နဲ့ အပျစ်အကျဲကွာတယ်။ Pseudomonas aeruginosa ပိုးကြောင့်ဖြစ်ရင် ပြည်ရောင်ကခပ်စိမ်းစိမ်းနဲ့ အနံ့အတော်ဆိုးတယ်။ Amoebic abscesses of the liver အသည်းမှာ အမီးဘားဝမ်းကိုက်ပိုးကြောင့်ပြည်တည်ရင် အရောင်က ညိုတိုတိုဖြစ်နေမယ်။ Anaerobic infections လေမကြိုက်ပိုးကြောင့်ဖြစ်တာက အလွန်ကိုနံတယ်။

အနာဆိုတာ ပြည်တည်လာရင်တော့ ခွဲထုတ်ရမယ်။ ဦးနှောက်၊ ခြေထောက်၊ အရေပြား၊ သွား၊ အရိုး၊ အသည်း ဘယ်ထဲရှိရှိ ပြည်ကိုထုတ်ရပါမယ်။ ခွဲစိတ်ပညာမှာ လက်တင်လို Ubi pus, ibi evacua ဆိုတာ Where there is pus, there evacuate it ပြည်ရှိရင် ပြည်ထုတ်ပြစ်ပါလို့ ဆိုလိုတယ်။ ဗမာလို ပြည်ပေါက် ပျောက်ပြီ။

Abscess ပြည်ရှိတဲ့အနာ https://dr-tint-swe.blogspot.com/2020/12/abscess.html

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ