လက်ဖက်စားသော ဆရာဝန်
စားရာတခုခုကို တင်ပြတိုင်းမှာ အပူစာ၊ အအေးစာ၊ အတက်စာ စသဖြင့် ကွန်မင့်တွေလာပါတယ်။ စောစောက လက်ဖက်စားတာအောက်မှာလည်း လာတယ်။ ကျွန်တော်က ဗမာဆေးကျမ်းအရ စားတာ မဟုတ်ပါ။ ငယ်စဉ်ကတော့ လူကြီးတွေက မြန်မာ့အရိုးရာဆေးပညာအယူအဆအရ ပြောလေ့ရှိကြပါတယ်။ လက်တဲမှာ ဥတုဘောဇနသင်္ဂဟကျမ်းလည်း ရှိတယ်။ ကျမ်းကိုဖတ်ပြီးမှ ထမင်းဟင်းချက်တာ မဟုတ်ပါ။ သွားရည်စာ ရွေးစားတာလည်း မဟုတ်ပါ။ ဆေးကျောင်းရောက်ကတည်းက ဆရာဝန်သုံးဆေးပညာကိုသာ အားကိုးပါတယ်။ ဆရာဝန်သုံးဆေးပညာမှာလည်း မြန်မာပြည်က အစားအသောက်တွေကို လေ့လာသုတေသနပြုတာ ရှားတယ်။ အသက်အရွယ် အတွေ့အကြုံအရ စားစရာ ရွေးစားတတ်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေက ပြောကြတယ်။ လက်ဖက်စားလို့ တက်တယ်တဲ့။ အိပ်မရတဲ့။ ကျွန်တော် အလုပ်သင်ဆရာဝန်ဘဝက မန္တလေးမှာ အမျိုးလိုရင်းနှီးတဲ့ ဘုတလင်၊ တွင်းတောင်သား ဘကြီးမြိုင်ရှိတယ်။ သူက သူ့သမီးတွေကို ငါအိပ်မပျော်လို့ လက်ဖက်လေးတရိုးစားလိုက်ရတယ်တဲ့။ ဒေါက်တာတင့်ဆွေ